KTLAက ကော်သူးလေနိုင်ငံထူထောင်မှု KNU နဲ့ မသက်ဆိုင်
ကော်သူလေးတပ်မတော် (KTLA) ခေါင်းဆောင် စောနယ်ဒါးမြက ကော်သူးလေအစိုးရနဲ့ နိုင်ငံ တည်ထောင်ကြောင်း ထုတ်ပြန်ကြေညာခဲ့တဲ့အပေါ် ကရင်အမျိုးသားအစည်းအရုံး (KNU) က သူတို့နဲ့ပတ်သက်မှုမရှိဘူးလို့ ဒီနေ့ ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်လာပါတယ်။
KTLA ဗိုလ်ချုပ် စောနယ်ဒါးမြက လွတ်လပ်တဲ့နိုင်ငံတော်တစ်ရပ်အဖြစ် ကော်သူးလေသမ္မတနိုင်ငံတော် (Republic of Kawthoolei) ကို တည်ထောင်ကြောင်းနဲ့ ကော်သူးလေအစိုးရ (Government of Kawthoolei – G.O.K) ကို ဖွဲ့စည်းကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။
KTLA ရဲ့ အခုလို လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး KNU အနေနဲ့ ပတ်သက်မှုမရှိကြောင်းနဲ့ ကရင်အမျိုးသား တော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ထင်ဟပ်မှုမရှိသလို ပကတိအရှိတရားနဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စောနယ်ဒါးမြဟာ စစ်ရာဇဝတ်မှုကျူးလွန်ထားတယ်လို့ စွပ်စွဲခံထားရပြီး KNU က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့တာကြောင့် ၂၀၂၂ ဇန်နဝါရီလကတည်းက သူ့ကို ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) စစ်ဦးစီးချုပ်ရာထူးကနေ ရပ်စဲပြီး KNU ကနေ ထုတ်ပယ်လိုက်တယ်လို့ ဆိုပါတယ်။
KNU အနေနဲ့လည်း လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့အညီ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိပြီး ဒီမိုကရေစီစံနှုန်းတွေနဲ့ညီတဲ့ ကော်သူးလေပြည်၊ ကော်သူးလေဖက်ဒရယ်ယူနစ်တစ်ခုကို တည်ဆောက်နိုင်ဖို့ ကြိုးစားနေပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာဖို့အတွက် အခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့အတူ လက်တွဲလုပ်ဆောင်နေတယ်လို့ KNU က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – KTLA
