စစ်တပ်က ကျားဖြန့်အဆောက်အဦနဲ့ သိမ်းဆည်းရမိပစ္စည်းတွေကို ဖြိုချဖျက်ဆီးနေတာဟာ သက်သေတွေကို ဖျောက်ဖျက်နေတာဖြစ်တယ်လို့ KNU ပြော
ကရင်ပြည် မြဝတီမြို့အနီးက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေကို စစ်အုပ်စုက ဝင်ရောက်နှိမ်နင်းပြီး အဆောက်အဦတွေကို ဖြိုချဖျက်ဆီးနေတာဟာ ဟန်ပြသာဖြစ်ပြီး သက်သေတွေကို ဖျောက်ဖျက်နေတာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ဖော်ပြောဆိုလာပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပနေတဲ့ ၂၀၂၅ နိုဝင်ဘာ မြန်မာလူထု သဘောထားစစ်တမ်း သတင်းစာရှင်းလင်းပွဲမှာ ဂျပန်သတင်းထောက်တစ်ဦးက ကရင်ပြည်ထဲ ရွှေကုက္ကိုနဲ့ KK Park က ကျားဖြန့်ဂိုဏ်းတွေ နှိမ်နင်းမှုတွေနဲ့ပတ်သက်ပြီး KNU ကို မေးမြန်းချိန် KNU နိုင်ငံခြားရေးဌာန အတွင်းရေးမှူး စောနင်ရောဒ်အင်ဒရူးက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
“ဒီအဆောက်အဦတွေကို သူတို့က ဖြိုတာ၊ တကယ်ဆို ဒါတွေက ဖြိုတာမဟုတ်ဘူး။ သက်သေတွေကို ဖျောက်တာပေါ့နော်၊ သက်သေတွေကို ဖျောက်ဖျက်ဖို့အတွက် သွားဖြိုတာ လုပ်နေကြတယ်။ သူတို့ရတဲ့ ဖုန်းအလုံးရေ ၅ သောင်းလား မသိဘူး။ သူတို့ပြောတာ။ ပြီးတော့ ကွန်ပျူတာ ဘယ်နှထောင်လဲ မသိဘူး၊ ဘူဒိုဇာနဲ့ ကားအကြီးကြီးနဲ့ကြိတ်ပြီး ဖျက်ဆီးတယ်လို့ သူတို့ သတင်းထုတ်ပြန်တာပေါ့နော်။ ဒါပေမဲ့ ဒါဟာ နိုင်ငံတကာကို ချပြရမယ့်အစား သက်သေတွေကို ဖျက်နေတယ်လို့ ကျွန်တော်တို့ကတော့ သုံးသပ်ပါတယ်” လို့ စောနင်ရောဒ်အင်ဒရူးက ပြန်လည်ဖြေဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်က ရွှေကုက္ကိုကျားဖြန့်စင်တာတွေကနေ သိမ်းဆည်းရမိခဲ့တဲ့ ဖုန်းအလုံးရေ ၂၀၀၀၀ ကျော်နဲ့ ကွန်ပျူတာမော်နီတာ ၃၀၀၀ ကျော်ကို စစ်တပ်နဲ့ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) တို့က လမ်းကြိတ်စက်နဲ့ နင်းချေဖျက်ဆီးခဲ့တာပါ။ ဒါပေမဲ့ ဒီလိုလုပ်ဆောင်မှုဟာ နိုင်ငံတကာကို သက်သေတွေ ဖော်ထုတ်ပြသရမယ့်အစား သက်သေဖျောက်နေတာသာဖြစ်တယ်လို့ စောနင်ရောဒ်အင်ဒရူးက ထောက်ပြလာတာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာဖိအားကြောင့် KK Park နဲ့ ရွှေကုက္ကိုထဲက ကျားဖြန့်ဂိုဏ်းတွေကို ဝင်ရောက်နှိမ်နင်းမှုတွေ လုပ်ဆောင်ခဲ့ပေမဲ့ သူတို့ (စစ်တပ်/BGF) မဝင်ရောက်ခင်ကတည်းက ကျားဖြန့်ခေါင်းဆောင် တရုတ်နိုင်ငံသားတွေကို တခြားမြို့၊ ဒေသတွေကို ရွှေ့ထားခဲ့တယ်လို့လည်း ဆိုပါတယ်။ စစ်တပ်ရဲ့ အကူအညီကြောင့် တရုတ်ကျားဖြန့်ခေါင်းဆောင်တွေဟာ လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်လို့ စောနင်ရောဒ်အင်ဒရူးက ဆက်လက်ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်ကလည်း KNU လက်အောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ စစ်အုပ်စုတို့ မြဝတီမြို့ တောင်ဘက် မင်းလက်ပံရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် KNLA တပ်ဖွဲ့က မင်းလက်ပံရွာအနီး ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အကာအကွယ်ပေးထားတဲ့ ကျားဖြန့်အဆောက်အအုံတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပါသေးတယ်။
ဒီစီးနင်းမှုတွေမှာ မြန်မာအပါအဝင် နိုင်ငံခြားသားထောင်နဲ့ချီကို ဖမ်းဆီးရမိခဲ့ပြီး သက်သေတွေကိုလည်း သိမ်းဆည်းကာ နိုင်ငံတကာ တာဝန်ရှိသူတွေထံ လွှဲအပ်တယ်လို့ စောနင်ရောဒ်အင်ဒရူးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မင်းလက်ပံရွာအနီး တိုက်ပွဲအတွင်း DKBA တပ်ဖွဲ့ဝင် ၃၀၀ ကျော် KNLA ထံ လက်နက်ချအညံ့ခံခဲ့ပေမဲ့ စောနင်ရောဒ်အင်ဒရူးကတော့ စစ်အုပ်စုဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အဖွဲ့အစည်းနာမည်ကို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။
“စစ်တပ်နဲ့နီးစပ်တဲ့ အခြားအဖွဲ့တစ်ဖွဲ့လည်း ဝင်ကူပြီးတော့ တိုက်ကူတာပေါ့။ ကျွန်တော်တို့ နေရာပြန်လည်ရှင်းလင်းတဲ့အချိန်မှာ ခုနက Scam အဆောက်အအုံဝင်းတစ်ခုကို ထိန်းလိုက်တယ်။ ကျွန်တော်တို့က လူတွေလည်း ကယ်ထုတ်တယ်။ သက်သေအများအပြားကိုလည်း ရယူတယ်။ ပြီးတော့ တာဝန်ရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း ပေးထားတာတွေရှိတယ်” လို့ သူက ဆိုပါတယ်။
မင်းလက်ပံက ကျားဖြန့်အဆောက်အအုံ ဝင်ရောက်စီးနင်းပြီးနောက်ပိုင်း ယူကေအခြေစိုက် Channel 4 သတင်းဌာနက သတင်းထောက်တစ်ဦးကို KNU က ဖိတ်ခေါ်ခဲ့ပြီး အဆောက်အအုံဝင်းအတွင်း ကျားဖြန့်လုပ်ကိုင်မှုအခြေအနေတွေနဲ့ သိမ်းဆည်းရရှိခဲ့တဲ့ပစ္စည်းတွေကို ပြသခဲ့သလို ကျားဖြန့်နှိမ်နင်းရေးအတွက် နိုင်ငံတကာကိုလည်း အကူအညီတောင်းခံခဲ့ပါသေးတယ်။
အမေရိကန်အစိုးရကလည်း အရှေ့တောင်အာရှအတွင်းမှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေကြောင့် အမေရိကန်နိုင်ငံသားတွေရဲ့ငွေကြေး ထိခိုက်နစ်နာဆုံးရှုံးမှုတွေရှိနေလို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ Scam Center Strike Force ကို ဖွဲ့စည်းခဲ့သလို အခု ဒီဇင်ဘာ ၂ ရက်ကလည်း ကျောက်ခေတ်ရွာအနီးမှာရှိတဲ့ တိုင်ချန် (Tai Chang) ကျားဖြန့်ဂိုဏ်းတွေအသုံးပြုတဲ့ ဝက်ဆိုဒ်နှစ်ခုကို အမေရိကန် အွန်လိုင်းငွေလိမ်စင်တာနှိမ်နင်းရေးတပ်ဖွဲ့ (SCSF) က ပိတ်သိမ်းခဲ့ပါသေးတယ်။
ဓာတ်ပုံ – Saw Nimrod’s X
