ကျွန်းစုမြို့နယ် ဝါရစ်ပိန်းတောပြင်က စစ်ကောင်စီ ရှေ့တန်းစခန်းကို တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်တိုက်ခိုက်လို့ ဗိုလ်မှူး အပါအဝင် ၂၀ ဝန်းကျင်သေဆုံး

Author CJ Platform
Categories
Published on May 08, 2025

တနင်္သာရီတိုင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဝါရစ်ပိန်းတောပြင် ရှေ့တန်းစခန်းကို တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ မနက် ၆ နာရီခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ ဗိုလ်မှူးမြင့်ဝင်း အပါအဝင် ၂၀ ခန့်သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ရဲ့ ထုတ်ပြန်ထားချက် အရသိရပါတယ်။

 

ဝါရစ်ပိန်းတောပြင်ရှေ့တန်းတပ်စခန်းဟာ စစ်ကောင်စီဘက်က အင်အား (၃၀) ဝန်းကျင်နဲ့ အထိုင်ချထားတဲ့ အဓိက တပ်စခန်းတစ်ခုဖြစ်သလို ဒေသခံပြည်တွေနဲ့ ခရီးသွားပြည်သူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတဲ့ တပ်စခန်း နေရာလည်းဖြစ်တယ်လို့ သိရပါတယ်။

 

“အရေးပါတဲ့ ရှေ့တန်းစစ်စခန်းဖြစ်ပါတယ်။ ဒီစခန်းမရှိရင် လွတ်လွတ်လပ်လပ်သွားလာလို့ရပါပြီ။ စားနပ်ရိက္ခာ ကအစ သွားရေးလာရေးအတွက်ပါ အဆင်ပြေသွားမှာပါ”  လို့ တနင်္သာရီမြို့နယ် (ပ.က.ဖ) ရဲ့ တာဝန်ရှိသူ တစ်ဦးက CJ Platform ကိုပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဉ်၊ စစ်ရဟတ်ယာဉ်တို့နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အပြင် ရေတပ် စစ်သင်္ဘောတွေ ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အကြိမ်ပေါင်းများစွာ ပစ်ခတ်ပြီး ခုခံ တိုက်ခိုက်ခဲ့ပေမယ့် နောက်ဆုံးမှာစခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ရတယ်လို့ သိရပါတယ်။

 

တော်လှန်ရေးတပ်တွေက ရှေ့တန်းစစ်စခန်းကို ဝင်ရောက်စီးနင်းနိုင်ခဲ့ပေမဲ့ စစ်ကောင်စီရဲ့ တပ်ကူတွေ ထပ်မံရောက်ရှိ လာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး တော်လှန်ရေးရဲဘော် တစ်ဦးကျဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်ရဲဘော်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

 

“သူတို့ထိန်းချုပ်နယ်မြေလည်းဖြစ်တယ် လေယာဉ်နဲ့တိုက်ခိုက်တော့ စခန်းတွင်းနေလို့မရဘူး။ ရဲဘော်တစ်ယောက် ကျတယ် ခြံစည်းရိုးထဲရောက်မှ ထိတာပါ။ စခန်းသိမ်းကာနီး အတွင်းကပစ်တာ” လို့ တော်လှန်ရေးရဲဘော်က CJ Platform ကိုပြောပါတယ်။

အဆိုပါ တိုက်ပွဲကို တနင်္သာရီမြို့နယ်(ပကဖ)၊ မြိတ်ခရိုင်တပ်ရင်း(၂)၊ ကျွန်းစု(ပကဖ)နဲ့  တိုင်းပကဖတို့က ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

 

ဝါရစ်ပိန်းတောပြင်ကျေးရွာရှိ စစ်ကောင်စီရဲ့ ရှေ့တန်းတပ်စခန်းဟာ တနင်္သာရီမြို့နယ်နဲ့ ကျွန်းစုမြို့နယ်ကြားမှာ တည်ရှိပြီး လက်ရှိအချိန်မှာ စစ်ကောင်စီက ၎င်းရှေ့တန်းတပ်စခန်းကို အင်းအားတိုးမြှင့်ချထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

Related News

Depend on news