ထိုင်းနိုင်ငံရဲ့ အရေးယူဆောင်ရွက်မှုတွေကြောင့် မြန်မာဘက်က အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေ လျော့ကျသွားတယ်လို့ ထိုင်း ကာကွယ်ရေး ဝန်ကြီးပြော

ထိုင်းအစိုးရဟာ ထိုင်း- မြန်မာ နယ်စပ်အနီးက အွန်လိုင်းလိမ်လည်တဲ့ စင်တာတွေ တည်ရှိရာ ဒေသကို လျှပ်စစ်ဓာတ်အား၊ စက်သုံးဆီနဲ့ အင်တာနက်ဝန်ဆောင်မှုတွေကို ထိထိရောက်ရောက် ဖြတ်တောက်ခဲ့ပြီး နောက်မှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ သိသိသာသာ လျော့ကျသွားတယ်လို့ ထိုင်း ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီးဖြစ်သူ ဖုန်ထမ်ဝေချာယာချိုင်က ဒီကနေ့ မေလ ၈ ရက်နေ့မှာ ထုတ်ပြန် ကြေညာ ပါတယ်။
ထိုင်း- မြန်မာနယ်စပ်ဒေသတွေဖြစ်တဲ့ ချင်းရိုင်ခရိုင်နဲ့ တက်ခ်ခရိုင်တို့က မယ်ဆိုင်နဲ့ မဲဆောက်မြို့တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာဖက်ခြမ်းက အွန်လိုင်းလိမ်လည်တဲ့ အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေဟာ သုံးလအတွင်းမှာ သိသာစွာပဲ လျော့ကျသွားတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဘက်က အခုလို တင်းတင်းကြပ်ကြပ်အရေးယူ ဆောင်ရွက်ခဲ့တာကြောင့် အွန်လိုင်းလိမ်လည်တဲ့ အဖွဲ့တွေဟာ အခြားဒေသတွေကို ပြောင်းရွှေ့သွားကြရတယ်လို့လည်း မစ္စတာ ဖုန်ထမ်က ဆက်ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ လုပ်ဆောင်မှုတွေကို မြန်မာအာဏာပိုင်တွေဘက်ကလည်း ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပြီး လိမ်လည်တဲ့ စင်တာတွေမှာ လုပ်နေတဲ့ နိုင်ငံခြားသားတွေကို မြန်မာဘက်ကဖမ်းဆီးပြီး ထိုင်းနိုင်ငံကို လွှဲပြောင်းပေးခဲ့တာကြောင့် သူတို့တွေရဲ့ မိခင်နိုင်ငံတွေဆီ ပြန်ပို့ဖို့လုပ်ဆောင်နေတယ်လို့လည်း မစ္စတာ ဖုန်ထမ်က ပြောပါတယ်။
အွန်လိုင်းလိမ်လည်တဲ့ စင်တာတွေကနေ ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသားတွေထဲမှာ တရုတ်နိုင်ငံသားတွေကို သူတို့တွေရဲ့ မိခင်နိုင်ငံဆီ အလွယ်တကူ ပြန်လည်ပို့ဆောင်နိုင်ပေမယ့် အာဖရိကနဲ့ လက်တင်အမေရိက ဒေသက နိုင်ငံသားတချို့ကတော့ ထိုင်းနိုင်ငံမှာ ပိတ်မိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းအစိုးရအနေနဲ့ သူတို့တွေရဲ့ မိခင်နိုင်ငံတွေနဲ့ ဆက်သွယ်ဖို့ အခက်အခဲတွေရှိနေပြီး ပုဂ္ဂလိက အဖွဲ့အစည်းတချို့က အဆိုပါ ထိုင်းနိုင်ငံမှာ သောင်တင်နေသူတွေကို နေစရာနဲ့ အထောက်အပံ့တွေ ကူညီတာမျိုးတွေလည်း ရှိတယ်လို့ ၎င်းကဆက်ပြောပါတယ်။
ဒါ့ပြင် ထိုင်းအစိုးရဟာ ကမ္ဘောဒီးယားနိုင်ငံအတွင်းမှာ လှုပ်ရှားနေတဲ့ လှည့်ဖြားနေတဲ့ အဖွဲ့တွေကို နှိမ်နင်းဖို့အတွက် ကမ္ဘောဒီးယား အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး အထူးသဖြင့် လိမ်လည်မှု စင်တာတွေကို လုပ်ကိုင်နေတဲ့ ထိပ်တန်းခေါင်းဆောင်တွေကို ဖမ်းဆီးပေးဖို့ အကူအညီတောင်းခံထားတယ် လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ အွန်လိုင်းလိမ်လည်မှုစင်တာတွေကိုနှိမ်နင်းဖို့ ထိုင်း- မြန်မာ နယ်စပ်မှာ အသုံးပြုခဲ့တဲ့ လျှပ်စစ်ဓာတ်အား၊ လောင်စာဆီနဲ့ အင်တာနက် ဝန်ဆောင်မှုတွေကို ဖြတ်တောက်တဲ့ နည်းဗျူဟာက ကမ္ဘောဒီးယားနဲ့ လာအို နယ်စပ်တွေမှာတော့ အသုံးပြုဖို့ အခက်အခဲတွေ ရှိနေတယ်လို့ မစ္စတာ ဖုန်ထမ်က ဝန်ခံပြောဆိုပါတယ်။
ထိုင်း- ကမ္ဘောဒီးယားနဲ့ ထိုင်း-လာအို နယ်စပ်တွေက အွန်လိုင်းလိမ်လည်မှုစင်တာတွေဟာ အဆိုပါ ရင်းမြစ်တွေကို အခြားနည်းလမ်းတွေနဲ့ ရယူနိုင်နေတာကြောင့် ဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်ကို ထိုင်းအစိုးရရဲ့ အရေးယူဆောင်ရွက်မှုအပေါ် ဒေသခံကုန်သည်တွေရဲ့ စိုးရိမ်မှုတွေ ရှိနေတဲ့ အပေါ်မှာလည်း မြန်မာနိုင်ငံကို ကုန်စည်တင်ပို့မှုတွေ အဟန့်အတားဖြစ်တယ် ဆိုတဲ့ အချက်ဟာ မှားယွင်းပြီး နယ်စပ်ကုန်သွယ်ရေးတွေအတွက် တရားဝင်လမ်းကြောင်းတွေရှိကြောင်း၊ ဓာတ်ဆီလိုမျိုး ကုန်ပစ္စည်းတွေကိုသာ ကန့်သတ်ထားကြောင်း ပြန်လည်ရှင်းလင်းပြောဆိုပါတယ်။
ဒါ့ပြင် ထိုင်းအစိုးရဟာ မြန်မာနယ်စပ်အပေါ် အရေးယူပေါ် လေးလပြည့်တဲ့ချိန်မှာ အစိုးရ အနေနဲ့ ပြန်လည် သုံးသပ်မှု လုပ်ဆောင်မှာဖြစ်ပြီး လိုအပ်လာရင် အရေးယူမှုကို ဆက်လက်အကောင်အထည်ဖော်တာ ဒါမှမဟုတ် ပြင်ဆင်တာတွေ ပြုလုပ်မယ်လို့ မစ္စတာ ဖုန်ထမ်က ပြောဆိုပါတယ်။