မလေးရှားမှာ မြန်မာအပါအဝင် နိုင်ငံခြားသား ၁၃၀၀ နီးပါး တစ်ရက်ထဲဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ယမန်နေ့ မေလ ၇ ရက် နေ့တစ်ရက်ထဲမှာပဲ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) က မြန်မာအပါအဝင် နိုင်ငံခြားသား ၁၂၇၀ ဦးနဲ့ အလုပ်ရှင် ၁၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မလေးရှား လဝက ဌာနက တနိုင်ငံလုံးအတိုင်းအတာနဲ့ တရားမဝင် နိုင်ငံခြားသားများ လုပ်ကိုင်နေတဲ့ နေရာ ၁၆ နေရာကို တပြိုင်နက်တည်း ဝင်ရောက်စစ်ဆေးခဲ့ပြီး နိုင်ငံခြားသား ၁၇၅၆ ဦးကို စစ်ဆေးပြီးနောက် တရားမဝင် နိုင်ငံခြားသား ၁၂၇၀ ဦးနဲ့ လုပ်ငန်းရှင် ၁၁ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ ဝန်ဆောင်မှုနဲ့ နိုင်ငံခြားအလုပ်သမားတွေကို အလုပ်ခန့်တဲ့ နေရာတွေမှာ ယခုလက စတင်ပြီး စစ်ဆေးသွားမယ်လို့လည်း သိရပြီး ယခုလို လုပ်ဆောင်တာဟာ အလုပ်ရှင်တွေအနေနဲ့ တရားမဝင်ရွှေ့ပြောင်း အလုပ်သမားတွေကို အလုပ်မခန့်ဖို့အတွက် သတိပေးလိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ လူဝင်မူကြီးကြပ်ရေးက အသိပေးထုတ်ပြန်ထားပါတယ်။
“စကစက ပြည်ပထွက်ဖို့တွေလည်း ပိတ်ထားတာလေ။ ပြည်တွင်းမှာလည်း စစ်ပွဲတွေရော အလုပ်အကိုင် ရှားပါးတာနဲ့ ဒီကို တရားမဝင်လမ်းကြောင်းကနေ ရောက်လာရတာ။ အခုလိုတွေဖြစ်တော့ အခက်အခဲတွေ ဖြစ်ရတယ်။ မြန်မာပြည်ပြန်ပို့ခံရပြီး စစ်မှုထမ်းရမှာလည်း ကြောက်တယ် “ လို့ မလေးရှားနိုင်ငံကို တရားမဝင် ရောက်ရှိသွားတဲ့ မြန်မာလုပ်သားတစ်ဦးက CJ Platform ကိုပြောပါတယ်။
ယခင်က နေအိမ်အခန်းတွေကို လိုက်လံဖမ်းဆီးတာမျိုးသာရှိပြီး လက်ရှိမှာတော့ လမ်းသွားလမ်းလာအပြင် လုပ်ငန်းခွင်တွေမှာပါ ဖမ်းဆီးတော့မှာဖြစ်လို့ ကြောက်ရွံ့စိုးရိမ်ရတယ်လို့ သူက ဆက်ပြောပါတယ်။
တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို မလေးရှားနိုင်ငံက လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူ အပြစ်ပေးပြီးနောက် သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်ပို့ဆောင်တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးက တရားဝင်ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြဌာန်းထားပြီးနောက် တခြားနိုင်ငံမှာ ဖမ်းဆီးခံရပြီး မြန်မာပြည် ပြန်ပို့ခံရတဲ့ တရားမဝင် အလုပ်သမားတွေကို စစ်မှုထမ်းဖို့ခေါ်ဆောင်တာတွေ မကြာခဏ ပြုလုပ်လေ့ ရှိတာကြောင့် ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေကိုရောက်ရှိနေတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ အခက်အခဲ အကြပ်တွေနဲ့ ကြုံတွေ့ နေရပါတယ်။
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ဂျိုဟိုးမြို့မှာ ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာတဲ့ မြန်မာ ၉၈ ဦးအပါအဝင် နိုင်ငံခြားသား ၁၀၈ ဦးကို ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ဂျိုဟိုး လူဝင်မှုကြီးကြပ်ရေးက ယမန်နေ့က ထုတ်ပြန်ထားပါတယ်။
ဂျိုဟိုးမြို့မှာ ပြစ်ဒဏ်ကျခံခဲ့ရတဲ့ မြန်မာလုပ်သားတွေဟာ တရားမဝင်နေထိုင်မှု၊ နေထိုင်ခွင့် ရက်လွန် နေထိုင်မှုတို့ကြောင့် မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဖမ်းဆီးထောင်ချခံရသူတွေဖြစ်ပြီး အဖမ်းခံရသူတွေထဲ မြန်မာနိုင်ငံသား ၉၈ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦး၊ ဗီယက်နမ်နိုင်ငံသား ၃ဦးနဲ့ စင်္ကာပူနိုင်ငံသား ၂ဦးပါဝင်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ- မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန