စစ်ကောင်စီက စစ်မှုထမ်းဖို့ ရာအိမ်မှူးတူကို မှားဖမ်းမိရာက လူစားထိုးဖို့ ကျေးရွာအတွင်း တစ်အိမ်ထောင် နှစ်သောင်းကောက်

Author CJ Platform
Categories
Published on Apr 08, 2025

ဧရာဝတီတိုင်း ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် ကျွန်းအုပ်ကျေးရွာအုပ်စု အင်းရဲကျေးရွာက ရာအိမ်မှူးရဲ့တူဖြစ်သူကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားရာက လူစားထိုးဖို့အတွက် ရာအိမ်မှူးက တစ်အိမ်ထောင်ကို နှစ်သောင်းကျပ် တိုးမြှင့်ကောက်ခံနေတယ်လို့ ဒေသခံရဲ့ပြောပြချက်အရ သိရပါတယ်။

 

အင်းရဲကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်နဲ့ ညအချိန်ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နောက် ရာအိမ်မှူးရဲ့ တူဝမ်းကွဲတော်စပ်သူ ဖြစ်နေတာဖြစ်နေတာကြောင့် အုပ်ချုပ်ရေးမှူးက လူစားထိုးနိုင်ဖို့ တစ်အိမ်နှစ်သောင်းကျပ် ကောက်ခံ‌ခဲ့တာလို့ ပြောပါတယ်။

 

“ ဖမ်းတုန်းက တခြားသူကိုဖမ်းတာ၊ သူ့အမျိုးနဲ့လူမှားဖမ်းမိလို့လေ။ အဲ့တာသူ့တူကို ပြန်ရွေးဖို့ ရွာထဲကအိမ်တွေကို တစ်အိမ်ကို ၂သောင်းမဖြစ်မနေထည့်ရမယ်ဆိုပြီး လိုက်တောင်းနေတာ “လို့ ကျုံပျော်ရှိ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဒါ့အပြင် မထည့်ရင်လဲနာမယ်၊ မှတ်ထားမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတာတွေလည်းရှိတယ်လို့ သူကဆက်ပြောပါတယ်။

 

အဲဒီလိုကောက်ခံရာမှာ အုပ်ချုပ်ရေးမှူးက ယခင် တစ်အိမ်ထောင်ကို ၅၀၀၀ ကျပ်သာကောက်ခံပေမဲ့ အခု နှစ်သောင်းကျပ် ပြောင်းကောက်ခံပြီး စစ်ကောင်စီထောက်ခံသူတွေပါ ဝိုင်းဝန်းကောက်ခံပေး နေတာ ဖြစ်တယ်လို့ သိရပါတယ်။

 

ကျုံပျော်မြို့နယ်က ကျွန်းအုပ်ကျေးရွာအုပ်စု အင်းရဲကျေးရွာမှာ စစ်မှုထမ်းဥပဒေအရ မကြာခဏ ဖမ်းဆီးလေ့ရှိရာ အခုလိုဖမ်းဆီးပြီး စစ်မှုထမ်းစေတာ ၁၀ ဦးခန့်ရှိပြီလို့လည်း သိရပါတယ်။

 

ဧရာဝတီတိုင်းမှာ စစ်မှုထမ်းဖို့စာရင်းရထားသူတွေ ထွက်ပြေးတာတွေရှိနေပြီး လူစားထိုးတာတွေသာ ပြုလုပ်နေတာကြောင့် စစ်ကောင်စီက တိုင်းအတွင်းက သူတွေသာ လက်ခံတော့မှာ ဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတချို့ဆီက ပြောပါတယ်။

 

လက်ရှိမှာတော့ ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းအတွက် ငွေကောက်ခံနေတာမျိုးတွေ ရှိနေသလို ပေါ်တာဆွဲ ဖမ်းဆီးနေတာမျိုးတာတွေလည်း ရှိနေတဲ့အပြင် စစ်မှုထမ်း လူစားထိုးဖို့ကောက်ခံငွေတွေ လည်း ဈေးနှုန်းမြင့်တက်သွားကာ လစဉ်ထည့်ဝင် နေရတာပါ။

 

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စတင်အသက်သွင်းခဲ့ပြီး ဧပြီလမှာ စစ်မှုထမ်း အပတ်စဉ် ၁ ကိုစတင်ခဲ့ကာ စစ်မှုထမ်းအပတ်စဉ် ၁၁ အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က အပတ်စဉ် ၉ တက်ရောက်သူတွေ သင်တန်းဆင်းခဲ့ပြီဖြစ်ပါတယ်။

 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ ဧရာဝတီတိုင်းက စစ်မှုထမ်းသင်တန်းဆင်း လူငယ်တွေလည်း ရှေ့တန်းကိုပို့ဆောင်ခံရကာ သေဆုံးတာတွေများပြားနေတာကြောင့် လူငယ်တွေအနေနဲ့ စစ်မှုမထမ်းလိုတဲ့အပြင် ဆင်ခေါ်စာနဲ့ ဆင့်ခေါ်လာမှာကိုလည်း စိုးရိမ်နေတာကြောင့် နည်းလမ်းအမျိုးမျိုးနဲ့ စစ်မှုထမ်းကင်းလွတ်ဖို့ ကြိုးစားနေကြဆဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – Pro-SAC

 

ပုံစာ – စစ်မှုထမ်းဥပဒေအရ စစ်ကောင်စီစုဆောင်းထားတဲ့ လူငယ်များကိုတွေ့ရစဉ်