မအူပင်မှာ ငလျင်ငယ်လေးတွေ နေ့စဉ်ဆက်တိုက် လှုပ်နေတာကြောင့် မြို့ခံတွေ အိမ်ထဲမအိပ်ရဲကြ

ဧရာဝတီတိုင်း မအူပင်မြို့နဲ့ မဝေးတဲ့ ညောင်တုန်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ မြေငလျင်ရဲ့ အရှိန်ကြောင့် မနေ့က ညအထိ မအူပင်မြို့မှာ လှုပ်ခတ်နေတာကြောင့် မြို့ခံပြည်သူတွေအနေနဲ့ ညဖက်ကောင်းကောင်း မအိပ်ရဲပဲ အိမ်အပြင်ထွက် အိပ်နေရသူတွေပါရှိတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အင်အားရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု မတ်လ ၅ ရက်နေ့က လှုပ်ခတ်ခဲ့ကာ နောက်ဆက်တွဲ ငလျင်တွေအဖြစ် ဆက်လက်လှုပ်ခတ်နေတာဖြစ်ပြီး အင်အားအနည်းငယ်သာ ရှိတယ်လို့လည်း သိရပါတယ်။
“မနေကလဲလှုပ်တယ် နေ့တိုင်းလှုပ်နေတာ။ အသံနဲ့လာတာ တစ်ခါတစ်လေကျ ဒုန်းဆိုပီးတစ်ချက်ဆောင့်တယ် တစ်ခါတစ်လေကျရင်လဲ ဒုန်း ဒုန်းဆိုပီးဆောင့်ပီးလှုပ်သွားရော” လို့ မအူပင်မြို့ခံ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
မအူပင်မြို့မှာ ငလျင်စလှုပ်တဲ့နေ့ကစပြီး နောက်ဆက်တွဲ ငလျင်တွေအဖြစ် ၁၀ ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့ပြီး နောက်တစ်နေ့မှာ လည်း ၅ ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့ပါတယ်။ မနေ့က မတ်လ ၇ ရက်နေ့မှာလည်း ၅ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့ကာ CJ Platform က မေးမြန်းနေစဉ် ည ၁၁ နာရီ ၅၆ မိနစ်အချိန်မှာလည်း လှုပ်ခတ်သွားတယ်လို့ သိရပါတယ်။
အဲဒီလိုမြေငလျင်လှုပ်ခတ်မှုတွေကြောင့် မြို့ခံတွေအနေနဲ့ စိုးရိမ်နေကြပြီး နေအိမ်တွေမှာကောင်းစွာ မအိပ်ရဲပဲ အိမ်အပြင်ဘက်ကို ထွက်အိပ်ကြတဲ့သူတွေများနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
“ လမ်းထဲကတော့ အကုန်အပြင်ထွက်အိပ်ကြတာ၊ သက်ကြီးပိုင်းရှိတဲ့အိမ်ဆို လူကြီးတွေအတွက် ပိုပြီးစိုးရိမ်ကြတာပေါ့၊ ဖြစ်လာရင် ပြေးဖို့သွားဖို့ ခက်တယ်လေ။ အားလုံးက အင်အားပြင်းလှုပ်မှာကို ကြောက်နေကြတာ” လို့ မအူပင်မြို့ခံ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးကလည်း CJ Platform ကိုပြောပါတယ်။
အိမ်ပြင်ထွက်အိပ်သူတွေအနေနဲ့ အဆင်ပြေသလို အိပ်နေကြရတာဖြစ်ပြီး ငလျင်လှုပ်ကာနီး ဒုန်း ဟုဆိုကာ အသံအရင်လာပြီးမှ လှုပ်တာကြောင့် စိုးရိမ်စိတ်တွေရှိနေတာကာ အိပ်မပျော်ကြဘူးလို့ သူမက ဆက်ပြောပါတယ်။
အခုလို လှုတ်ခတ်နေတာဟာ လက်ကျန်မြေတုန်ခါမှုသာဖြစ်တယ်လို့ ငလျင်ပညာရှင်အချို့က ဆိုထားပြီး မတ်လ ၆ ရက်နေ့ကတော့ စိုးရိမ်အနေအထား ၃၀ ရာခိုင်နှုန်းအောက်ကို ရောက်ရှိသွားပြီဖြစ်တာကြောင့် တည်တည်ငြိမ်ငြိမ်နဲ့ ချင့်ချိန်နေထိုင်ကြဖို့လည်း သတိပေးထားပါတယ်။
မအူပင်မြို့မှာ မတ်လ ၅ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် စိမ်းမြကန်သာ ဘုရား၊ စိန်ဟင်္သာကျောင်းတိုက်အုပ်တံတိုင်းအပြင် အဆောက်အအုံများစွာ ပျက်စီးပြိုကျတာတွေဖြစ်ခဲ့ပြီး လူသေဆုံးတာတော့ မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့ကလည်း အင်အားရချ်တာစကေး ၄ဒသမ၈ အဆင့် အင်အားအနည်းငယ် ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့တာကြောင့် မအူပင်မြို့ပေါ်ရှိ ရွှေဖုန်းမြင့်စေတီတော်ရဲ့စိန်ဖူးတော် မြေခခြင်း၊ အထည်ချုပ်စက်ရုံ ထပ်ခိုး ပြိုကျခြင်း၊ မြို့နယ်ပြည်သူ့ဆေးရုံရှိ လျှောက်လမ်း ပြိုကျပျက်စီးခြင်း၊ မအူပင်တက္ကသိုလ် ပင်မဆောင် မျက်နှာစာ ပြိုကျပျက်စီးခြင်း၊ ရွှေဘုန်းမြင့်စေတီအနီးရှိ မိုးကုတ်ဓမ္မရိပ်သာ ပြိုကျပျက်ဆီးခြင်းတို့ ဖြစ်ပေါ်ခဲ့ပါတယ်။
အဲဒီငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတွေ ဖြစ်ခဲ့ပြီး မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ တရားပြကျောင်းဆောင် ပြိုကျခဲ့တာကြောင့် သီလရှင်ဆရာကြီးတစ်ပါး နဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – မတ်လ၅ရက်နေ့ ငလျင်ကြောင့် ပျက်စီးမှုများကို မြင်ရပုံ (ပုံဟောင်း)