ကျားဖျန့်လုပ်ငန်းလုပ်သူတွေက ထိုင်းနိုင်ငံကနေ ဝင်ရောက်လာတာလို့ စစ်ကောင်စီပြော

ထိုင်း-မြန်မာနယ်စပ်တလျောက် ကြီးစိုးနေတဲ့ ကျားဖျန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို တရုတ်နဲ့ ထိုင်း နှစ်နိုင်ငံ ပူးပေါင်းပြီး ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ သဘောတူညီမှုရရှိပြီးနောက် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျားဖြန့်လုပ်ငန်းလုပ်ဆောင်သူတွေဟာ ထိုင်းနိုင်ငံက တဆင့် ဝင်ရောက်လာတာဖြစ်တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး သတင်းစာတွေကနေ တဆင့် ပြောကြားလိုက်ပါတယ်။
သက်ဆိုင်ရာ နိုင်ငံအသီးသီးကနေ ကျားဖြန့်လုပ်ဆောင်ရမယ့်သူတွေက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကနေ မြန်မာ-ထိုင်းနယ်စပ်ရှိ မဲဆောက်မြို့ကနေ တဆင့် မြန်မာနိုင်ငံထဲကို ခေါ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။
“ထိုင်းမြန်မာနယ်စပ်တလျောက် သောင်ရင်းမြစ်ကိုဖြတ်ကျော်ခေါ်ဆောင်ပြီး မြဝတီ ရွှေကုက္ကိုနဲ့ KK park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုတွေ အွန်လိုင်းလောင်းကစားမှုတွေမှာ ပါဝင်လုပ်ဆောင်ရန် အတင်းအဓမ္မစေခိုင်းခြင်းခံခဲ့ရတယ်” လို့ စစ်ကောင်စီပြောခွင့်ရသူက ပြောကြားခဲ့တာပါ။
မြဝတီက ရွှေကုက္ကိုနဲ့ KK park နယ်မြေတွေဟာ စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ် BGF နဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကရင်နယ်ခြားစောင့်တပ်-BGF ထိန်းချုပ်နယ်မြေ၊ ရွှေကုက္ကိုလ်မြို့သစ်မှာ ရာဇဝတ်မှုတွေကို လက်မခံဘဲ အစိုးရ၊ နိုင်ငံတကာနဲ့ ပူးပေါင်းတိုက် ဖျက်သွားမယ်လို့ BGF က ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ထားသလို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ကလည်း ထိန်းချုပ်နယ်မြေအတွင်း လူကုန်ကူးခံရသူများကို မြန်မာသံရုံးအပါအဝင် နိုင်ငံတကာသံရုံးများက တောင်းခံလာပါက ရှာဖွေပေးအပ်သွားမယ်လို့ အသီးသီးထုတ်ပြန်ထားပါတယ်။
အိမ်နီးချင်းနိုင်ငံကြောင့် ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့အတွက် ခက်ခဲစေတယ်ဆိုတဲ့ ပြည်တွင်းမီဒီယာတွေမှာ စစ်ကောင်စီရဲ့ ပြောဆိုချက်တွေကို ပြီးခဲ့တဲ့ ဇန်ဝါရီ ၂၄ ရက်နေ့က ထိုင်းဒုဝန်ကြီးချုပ် Phumtham Wechayachai က ဘန်ကောက်ပို့စ်မှာ ကျားဖြန့်ငွေလိမ်းဂိုဏ်းတွေနဲ့ ပတ်သတ်ပြီး ထိုင်းအစိုးရကို အပြစ်မတင်ဖို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီက ထိုင်းနိုင်ငံကို အမည်မဖော်ဘဲ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်ဓာတ်အား၊ အင်တာနက်နဲ့ လက်နက်ခဲယမ်းတွေကို တစ်ဖက်နိုင်ငံကိုအခြေခံပြီး ရယူသုံးစွဲနေတယ်လို့ ပြီးခဲ့တဲ့ဇန်နဝါရီ ၂၀ ရက်နေ့ က ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံက ဖေဖော်ဝါရီ ၅ ရက်နေ့က စတင်ကာ မြဝတီမြို့ အပါအဝင် ထိုင်းမြန်မာ နယ်စပ်တလျောက်ကို ကျားဖြန်လုပ်ငန်း နှိမ်နင်းနိုင်ဖို့ရည်ရွယ်ပြီး လျှပ်စစ်မီးနဲ့ စက်သုံးဆီဖြတ်တောက် ထားပါတယ်။
ဒီကနေ့မှာတော့ စစ်ကောင်စီထောက်ခံသူတွေက ထိုင်းနိုင်ငံက လျှပ်စစ်နဲ့ စက်သုံးဆီ ဖြတ်တောက်လိုက်တာကြောင့် ထိုင်းမြန်မာချစ်ကြည်ရေးတံတား အမှတ်(၁) နဲ့ အမှတ်(၂) တို့မှာ ထိုင်းကုန်စည်စီးဆင်းမှု ပိတ်သိမ်းနိုင်ရေးအတွက် လူအင်အား ၁၀၀ ခန့်နဲ့ ဆန္ဒဖော်ထုတ်နေကြပါတယ်။