ဆီးရီးယားသမ္မတ အာဆတ်ထွက်ပြေး၊ မြို့တော်ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်
ဆီးရီးယား သမ္မတအာဆတ်ဟာ ဒီကနေ့ ဒီဇင်ဘာ ၈ ရက်မနက်ပိုင်းမှာပဲ နိုင်ငံတွင်းကနေ ထွက်ပြေးသွားပြီး သူ့ရဲ့ ၂၄ နှစ်ကြာ အုပ်ချုပ်ခဲ့မှု အဆုံးသတ်သွားပြီလို့ ဆီးရီးယားစစ်တပ်ဌာနချုပ်က ဒီကနေ့မှာပဲ တရားဝင်ကြေညာလိုက်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ မြို့တော် ဒမတ်စကတ်မြို့ကိုပါ ဝင်ရောက်သိမ်းပိုက်ခဲ့တာကြောင့် အာဆတ်ဟာ မြို့တော်ကနေ လေယာဉ်နဲ့ ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ မြို့တော်ဒမတ်စကတ်မြို့ရဲ့ လမ်းမတွေပေါ်မှာ လူထောင်ပေါင်းများစွာဟာ “လွတ်မြောက်မှု” လို့ အားရဝမ်းသာစွာ ကြွေးကြော်နေကြပြီး အာဆတ်မိသားစုရဲ့ ရာစုနှစ်ဝက်ဖြစ်တဲ့ နှစ်ပေါင်း ၅၀ ကြာ အုပ်ချုပ်ရေးဟာလည်း လုံးဝအဆုံးသတ်သွားပြီလည်း ဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေဟာ မဟာဗျူဟာကျတဲ့ ဟွမ်းစ်မြို့ကို တစ်ရက်တည်းနဲ့ပဲ အံ့အားသင့်ဖွယ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ဆက်ညာယာ ထောင်က နိုင်ငံရေးအကျဉ်းသားထောင်ပေါင်းများစွာကိုလည်း လွတ်မြောက်ခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
တော်လှန်မှုကို ဦးဆောင်တဲ့ Hayat Tahrir al-Sham (HTS) အဖွဲ့ခေါင်းဆောင် ဂိုလာနီကတော့ လူနည်းစုဘာသာခြားတွေအပေါ် အန္တရာယ် ပြုမှာမဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှုတွေကို ဆန့်ကျင်တယ်လို့ ကတိပြု ပြောဆိုထားပေမဲ့ အရင်က အယ်လ်ကိုင်ဒါအဖွဲ့နဲ့ ဆက်နွယ်ဖူးတာကြောင့် ဒေသတွင်းနိုင်ငံတွေက စိုးရိမ်ပူပန်နေကြပါတယ်။
ကာတာ၊ ဆော်ဒီအာရေးဗီးယား၊ ဂျော်ဒန်၊ အီရတ်၊ အီရန်၊ တူရကီနဲ့ ရုရှားနိုင်ငံတို့ကတော့ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းကြဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။
အာဆတ်အစိုးရ ကျဆုံးခဲ့မှုဟာ ဆီးရီးယားရဲ့ မဟာမိတ် ရုရှားနဲ့ အီရန်တို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲကြောင့် ရုရှားရဲ့ ကူညီနိုင်စွမ်းအားနည်းမှုနဲ့ အစ္စရေး-ဟားမက်စ်စစ်ပွဲကြောင့် ဟစ်ဇ်ဘိုလာတို့ရဲ့ အားလျော့သွားမှုဟာ အာဆတ်အစိုးရ ကျဆုံးမှုကို ပိုပြီး လျင်မြန်စေခဲ့ပါတယ်။
လက်ရှိမှာတော့ အရှေ့အလယ်ပိုင်းဒေသရဲ့ ပထဝီနိုင်ငံရေးဟာ သိသိသာသာပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောဆိုထားပေမဲ့ မကြာခင်ရာထူးရယူမယ့် သမ္မတလောင်း ထရမ့်ကတော့ အမေရိကန်အနေနဲ့ ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်သင့်ဘူးလို့ ပြောခဲ့ပါတယ်။
၂၀၁၁ ခုနှစ်ကနေ စတင်ခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်အတွက် အခုအဖြစ်အပျက်ဟာ သမိုင်းဝင် အပြောင်းအလဲဖြစ်ပြီး တော်လှန်ရေးအဆုံးသတ်ဖြစ်နိုင်ပေမဲ့ နောက်ဆက်တွဲ မတည်ငြိမ်မှုတွေနဲ့ စိန်ခေါ်မှု အသစ်တွေ ပေါ်ပေါက်လာနိုင်တယ်လို့လည်း လေ့လာသုံးသပ်သူတွေက ထောက်ပြကြပါတယ်။
ဓာတ်ပုံ- REUTERS/Mahmoud Hasano
ပုံစာ- ဆီးရီးယားစစ်တပ်က နိုင်ငံမှာ အာဆတ်ရဲ့ ၂၄ နှစ်အာအုပ်ချုပ်ခဲ့မှု အဆုံးသတ်ပြီလို့ ကြေညာလိုက်ပြီးနောက် ဟွမ်းစ်မြို့မှာ စုဝေးနေကြတဲ့ တော်လှန်ရေးအဖွဲ့ဝင်များကို တွေ့ရစဉ်
ကိုးကား- Reuters