ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ? (ဒီဇင်ဘာ ၁ ရက်နေ့မှ မှ ၇ ရက်အထိ)

ဒီတစ်ပတ် (ဒီဇင်ဘာ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ) အတွင်းမှာတော့ စစ်အုပ်ချုပ်ရေး ထုတ်ပြီး ပြန်တောင်းပန်တဲ့ တောင်ကိုရီးယားသမ္မတ သတင်းအပါအဝင် ဆီးရီးယား မြို့တွေကို သူပုန်တွေ တောက်လျှောက်သိမ်းနေတဲ့ သတင်းတွေဟာ ကမ္ဘာ့ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အမည်မသိရောဂါတစ်မျိုး ဒီအာကွန်ဂိုမှာ ဖြစ်နေတဲ့သတင်း၊ ယူကရိန်းက ဖျက်အားပြင်းလက်နက် မိတ်ဆက်လိုက်တဲ့ သတင်း၊ ထရမ့်နဲ့ ပြင်သစ်သမ္မတ မက်ခရွန်တို့ တွေ့ဆုံတဲ့ သတင်းအကြောင်းအရာတွေဟာ ဒီတပတ်အတွင်းမှာ ဟော့ဖြစ်ခဲ့ပါတယ်။ ဒီသတင်းအကြောင်းအရာတွေကို အနှစ်ချုပ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
****************************************
“နောင်တတွေ တပွေ့တပိုက်နဲ့ တောင်ကိုရီးယားသမ္မတ ယွန်”
အာရှရော ကမ္ဘာပါ လှုပ်ခတ်သွားတဲ့ တောင်ကိုရီးယား စစ်အုပ်ချုပ်ရေး သတင်းဟာ ဒီတပတ်ထဲ လူပြောများခဲ့ပါတယ်။ တောင်ကိုရီးယားမှာ နိုင်ငံတော် ဆန့်ကျင်ရေးအင်အားစုတွေကို နှိမ်နင်းဖို့ဆိုပြီး ဒီဇင်ဘာ ၃ ရက်နေ့မှာ သမ္မတ ယွန်ဆွတ်ယိုလ်က စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။
သမ္မတယွန်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်ဟာ အချိန်ခဏအတွင်းမှာပဲ ပျောက်ကွယ်သွားခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးကို လက်မခံတဲ့ ပြည်သူတွေဟာ ဆန္ဒတွေပြခဲ့ကြသလို လွှတ်တော်ကလည်း စစ်အုပ်ချုပ်ရေးကြေညာချက်အတွက် အမြန်ဆုံး မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ဝိုင်းရံထားတဲ့ကြားက လွှတ်တော်အမတ်တွေဟာ ရအောင်စုဝေးပြီး စစ်အုပ်ချုပ်ရေး အမိန့်ကို ဆန့်ကျင်ခဲ့ကြတာပါ။ ဒီအမိန့်ဟာလည်း တစ်ရက်တောင်မကြာခဲ့ဘဲ နာရီပိုင်းအတွင်းမှာ ပြန်လည်ရုပ်သိမ်းခဲ့ရပါတယ်။
အခုလို စဉ်းစားဆင်ခြင်ဉာဏ်မရှိတဲ့ လုပ်ရပ်အတွက် ယွန်ကတော့ တာဝန်ခံရဖို့ နီးကပ်နေပါတယ်။ သူ့ကို သမ္မတ ရာထူးကနေ ဖယ်ရှားပစ်ဖို့ တွန်းအားပေးနေတာဟာ ပိုများလာပြီး ယွန်ရဲ့ ပုံရိပ်ဟာ ကျဆင်းသထက် ကျဆင်းလာပါတယ်။
ဒါကြောင့် တောင်ကိုရီးယား သမ္မတယွန်ဟာ စစ်အုပ်ချုပ်ရေး အကောင်အထည်ဖော်ဖို့ ကြိုးပမ်းခဲ့မှုအတွက် ဒီဇင်ဘာ ၇ ရက်နေ့မှာ ရုပ်သံကနေတဆင့် တောင်ကိုရီးယား ပြည်သူတွေကို တောင်းပန်ခဲ့ပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယားနိုင်ငံသမားတချို့ကတော့ သမ္မတယွန် ရှိနေတဲ့ကာလမှာ နောက်ထပ် ဆိုးရွားတဲ့ အခြေအနေတွေ ထပ်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
****************************************
“အာဆတ်အစိုးရ အနာဂတ်”
ဆယ်စုနှစ်ကျော် ပြည်တွင်းစစ်အတွင်း လုံးဝမဆုံးရှုံးရဖူးတဲ့ အလက်ပိုမြို့ကို လက်လွှတ်လိုက်ရပြီးနောက် ဟားမားမြို့ကနေပါ တပ်ဆုတ်ပေးခဲ့ရတဲ့ ဆီးရီးယား အစိုးရအတွက် ထိုးနှက်ချက်တွေ ဆက်တိုက်ဖြစ်နေသလိုပါပဲ။
အခုတော့ ဆီးရီးယားသူပုန်တပ်ဖွဲ့တွေဟာ အလယ်ပိုင်းက ဟွမ်းမြို့ကို ဆက်ချီတက်နေပြီ ဖြစ်ပါတယ်။ ဆီရီးယားသူပုန်တွေဟာ ကယ်တင်ခြင်းအစိုးရလို့ နာမည်ပေးထားတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ အလက်ပိုမြို့ကို သေချာ ထိန်းချုပ်လည်ပတ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
ဒါ့အပြင် ဆီးရီးယားသူပုန်တွေဟာ အစိုးရရဲ့ ထိပ်တန်း စစ်တပ်အရာရှိတွေကို သူတို့ဘက်ကို ပြောင်းလာဖို့ တိုက်တွန်းထားပါသေးတယ်။ ဆီးရီးယားနိုင်ငံရဲ့ ခပ်မြန်မြန်ပြောင်းလဲလာတဲ့ နိုင်ငံရေး ရေစီးကြောင့် ဆီးရီးယား၊ အီရန်နဲ့ အီရတ်နိုင်ငံခြားရေးဝန်ကြီးတွေဟာ အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော်မှာ ပြီးခဲ့တဲ့ သောကြာနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီအခြေအနေကို တည်ငြိမ်အောင် ဝိုင်းဝန်း ထိန်းသိမ်းပြီး သံတမန်ရေး ဖိအားတွေ ပေးသွားဖို့အတွက် အီရတ် နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုထားတဲ့အပြင် ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတွေကြား ရန်လိုမှုတွေ ချက်ခြင်းရပ်ပြီး တွေ့ဆုံဆွေးနွေးပွဲ အမြန်လုပ်စေချင်တယ်လို့ ရုရှားကလည်း တိုက်တွန်းထားပါတယ်။
တစ်ဘက်မှာ ဆီးရီးယားသူပုန်တွေဟာ နိုင်ငံအတွင်းက မြို့ရွာတွေအပြင် မြို့တော် ဒက်မစကတ်နဲ့ ဟွန်းကိုပါ သိမ်းယူသွားမယ်လို့ ကြွေးကြော်ထားတာကြောင့် သမ္မတ အာဆတ်ရဲ့ အာဏာချုပ်ကိုင်မှုဟာ တဖြည်းဖြည်း ဆိုးရွားသွားမယ့် အခြေအနေတစ်ခု ဖြစ်နေပါတယ်။
****************************************
“ဒီအာကွန်ဂိုက အမည်မသိရောဂါ”
ဒီအာကွန်ဂိုနိုင်ငံ အနောက်တောင်ပိုင်းမှာ တုပ်ကွေးရောဂါနဲ့ ပုံစံဆင်တဲ့ အမည်မသိ ရောဂါတစ်မျိုး ဖြစ်နေပါတယ်။ ဒီရောဂါကြောင့် လက်ရှိမှာ လူ ၈၀ နီးပါး သေဆုံးသွားပြီဖြစ်ပါတယ်။ သေဆုံးသူအများစုဟာ အသက် ၁၅ နှစ်ကနေ ၁၈ ကြားဖြစ်နေတာကို ထူးထူးခြားခြား တွေ့ရှိရပါတယ်။
ဒီရောဂါဟာ ဖျားနာတာတွေ၊ ခေါင်းကိုက်တာတွေ၊ နှာရည်ယိုတာတွေ၊ ချောင်းဆိုးတာတွေ၊ အသက်ရှူရခက်ခဲတာတွေနဲ့ သွေးအားနည်း လက္ခဏာတွေ ပြတယ်လို့ နိုင်ငံရဲ့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် လူ ၃၀၀ ကျော်ကိုလည်း ကူးစက်စေခဲ့တယ်လို့ ဆိုပါတယ်။
အရပ်ဘက်လူမှုအဖွဲ့ခေါင်းဆောင် Symphorien Manzanza က ကူးစက်ခံရသူ အရေအတွက်ဟာ ဆက်လက်မြင့်တက်နေလို့ စိုးရိမ်စရာအခြေအနေရှိနေတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အာဖရိကဒေသ တာဝန်ရှိသူတစ်ဦးက ဓာတ်ခွဲခန်းစမ်းသပ်မှုတွေအတွက် နမူနာတွေ စုဆောင်းဖို့ အဖွဲ့တစ်ဖွဲ့စေလွှတ်ထားတယ်လို့ ဘီဘီစီသတင်းဌာနကို ပြောပါတယ်။
အခုရောဂါဖြစ်ပွားနေတဲ့နေရာဟာ ကင်ရှာဆာမြို့တော် အရှေ့တောင်ပိုင်း ၄၃၅ မိုင် ခန့်အကွာမှာရှိတဲ့ ပန်ဇီမြို့မှာ ဖြစ်ပွားနေတာပါ။ အဲဒီမြို့ဟာ ကျန်းမာရေးအခြေခံ အဆောက်အအုံနည်းပါးတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ အခုတော့ အဲဒီက လူထုကို အသွားအလာ ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ အာဏာပိုင်တွေက အသိပေးထားပါတယ်။
****************************************
“ယူကရိန်းရဲ့ ငရဲလက်နက်”
ရုရှားနဲ့ စစ်ပွဲရင်ဆိုင်နေရတဲ့ ယူကရိန်းဟာ ပြီးခဲ့တဲ့ သောကြာနေ့က တစ်နာရီကို မိုင် ၄၃၀ ကျော် ပစ်ခတ်နိုင်တဲ့ တာဝေးပစ် ဒရုန်း-မစ်ဇိုင်း တစ်မျိုးကို မိတ်ဆက်လာပါတယ်။ အဲဒီ ဒရုန်း-မစ်ဇိုင်း ပထမအသုတ်ကိုတော့ ယူကရိန်းတပ်ဖွဲ့တွေဆီ ပို့ဆောင်ပေးလိုက်ပြီ ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက အသိပေးထားပါတယ်။
အခုထုတ်လုပ်လိုက်တဲ့ လက်နက်တွေဟာ ကုန်ကျစရိတ်သက်သာပြီး ဖျက်အားပြင်းလို့ ယူကရိန်းစစ်တပ်က ကျေနပ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း အဆင့်မြင်တဲ့ အခု ဒရုန်း-မစ်ဇိုင်းတွေကို အများအပြား ထုတ်လုပ်သွားမှာဖြစ်တယ်လို့လည်း ယူကရိန်းသမ္မတက အသိပေးပါတယ်။
ယူကရိန်းလို “Peklo” ခေါ်ပြီး “ငရဲ”လို့ အဓိပ္ပာယ်ရတဲ့ ဒီ ဒရုန်း-မစ်ဇိုင်းတွေဟာ ဒုံးကျည်နဲ့ ဒရုန်း နှစ်မျိုးသုံးလို့ရတဲ့ လက်နက်တွေဖြစ်ပါတယ်။ လာမယ့်၂၀၂၅ ခုနှစ်အတွင်း ယူကရိန်တပ်ဖွဲ့တွေအတွက် တာဝေးပစ် ဒရုန်းလက်နက် သုံးသောင်းကျော် တပ်ဆင်ပေးသွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပြီးနောက် ယူကရိန်းဘက်က အခု ဒရုန်း-မစ်ဇိုင်းအသစ်ကို ထုတ်ပြလာခဲ့တာဖြစ်ပါတယ်။
အရှည်သုံးပေကျော်တဲ့ အဲဒီ “ငရဲ” ဒရုန်းတွေဟာ ဘေးတစ်ဖက်တစ်ချက်မှာ အတောင်ပံငယ်တွေ ပါဝင်ပြီး အမြီးနှစ်ချောင်းရှိပါတယ်။ အမေရိကန်က ထောက်ပံ့ပေးထားတဲ့ ATACMS မစ်ဇိုင်းဒုံးတွေထက် နှစ်ဆကျော်လောက် အကွာအဝေးပိုသွားနိုင်တယ်လို့လည်း ဆိုပါတယ်။
****************************************
“ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ် လူလုံးထွက်ပြလာတဲ့ ထရမ့်”
ပြီးခဲ့တဲ့ နိုဝင်ဘာမှာ ပြုလုပ်တဲ့ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ထရမ့်ဟာ သူ့ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ပြင်သစ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်ခွဲကျော်က မီးလောင်ပျက်စီးသွားတဲ့ ပြင်သစ်ရဲ့ ပါရီက အထင်ကရ Notre Dame Cathedral ဘုရားရှိခိုးကျောင်းကြီး ပြန်လည်ဖွင့်လှစ်တဲ့ အခမ်းအနားကို တက်ရောက်ဖို့ သွားခဲ့တာပါ။
ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံကို ပြန်လည်ဝင်ရောက်လာတဲ့ ထရမ့်ဟာ ပြင်သစ်သမ္မတ မက်ခရွန်နဲ့ Elysee Palace နန်းတော်မှာ တွေ့ဆုံကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကိုလည်း အခမ်းအနားတက်ရောက်ဖို့ ဖိတ်ခဲ့ပေမဲ့ တခြားကိစ္စတွေနဲ့ မအားလပ်လို့ မတက်ရောက်ဖြစ်ခဲ့ဖူးလို့ ဆိုပါတယ်။
ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတ ရာထူးနဲ့ ပထမဆုံးထမ်းဆောင်စဉ်မှာ ကတည်းက အခု ဘုရားကျောင်းကြီး မီးလောင်ပျက်စီးသွားတဲ့အပေါ် ဝမ်းနည်းမှုပြသခဲ့ပါသေးတယ်။ ပြင်သစ်သမ္မတ မက်ခရွန်ကလည်း ထရမ့်ရဲ့ အမေရိကန် သမ္မတ ဒုတိယ သက်တမ်းအတွက် ထောက်ခံမှု အပြည့်အဝပေးထားတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။
ဒီအခမ်းအနားမှာ ကမ္ဘာ့ခေါင်းဆောင် တော်တော်များများလည်း တက်ရောက်ခဲ့ပြီး အမေရိကန် သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ ထရမ့်အတွက် အဖွင့်လှသွားတဲ့ ခရီးစဉ်တစ်ခုအဖြစ် သုံးသပ်နေကြပါတယ်။