ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ? (ဒီဇင်ဘာလ ၂ ရက်ကနေ ၇ ရက်နေ့အထိ)

ဒီတစ်ပတ်(ဒီဇင်ဘာလ ၂ ရက်ကနေ ၇ ရက်နေ့အထိ)အတွင်း တော်လှန်ရေးအောင်ပွဲသတင်းတွေထဲ ရခိုင်မှာ မောင်တောတစ်မြို့နယ်လုံးသိမ်းလိုက်နိုင်သလို ဗန်းမော်နဲ့ မံစီမြို့တွေကိုလည်း KIA/PDF တို့ ထိုးစစ်ဆင်နေတဲ့သတင်းတွေရှိနေပါတယ်။ တခြားတဖက်မှာတော့ တော်လှန်ရေးအဖွဲ့တွေရဲ့ အရှုပ်အထွေးတွေ၊ အထူးသဖြင့် အညာမှာဖြစ်နေတာတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ နောက်ပြီး မွန်နဲ့ မကွေးထဲမှာဖြစ်ပျက်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ရက်ရက်စက်စက်သတ်ဖြတ်မှုတွေ၊ MNDAA အပစ်ရပ်ပြီး နိုင်ငံရေးနည်းနဲ့တွေ့ဆုံဆွေးနွေးမယ်လို့ထုတ်ပြောလိုက်တဲ့သတင်းတွေလည်း ထူးပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တစ်ယောက် ပြင်ဦးလွင်သွားပြီး ဗိုလ်လောင်းသင်တန်းဆင်းပွဲ တက်ရောက်ခဲ့ပါတယ်။ ဒီလိုသတင်းတွေကို ဒီတစ်ပတ်ထဲ အနှစ်ချုပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
****************************************
“မောင်တော အောင်ပွဲ”
မောင်တောမြို့နယ်ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ပြီး နခခ-၅ ကလွဲပြီး တပ်စခန်းတွေအားလုံးကို အောက်တိုဘာလကတည်းက AA က သိမ်းပိုက်နိုင်ခဲ့တာပါ။
အခုတော့ လေးလကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မောင်တောတစ်မြို့နယ်လုံးကို အာရက္ခတပ်တော်-AA တို့ လက်ထဲရောက်ရှိခဲ့ပြီဖြစ်ပါတယ်။
တစ်ခုတည်းကျန်တဲ့ မြို့သူကြီးနယ်ခြားစောင့်စခန်း(နခခ-၅)ကို AA က ဒီဇင်ဘာ ၇ ရက် စနေနေ့ မနက်ပိုင်းမှာပဲ သိမ်းပိုက်ရရှိသွားတဲ့အတွက်ဖြစ်ပါတယ်။
သောကြာနေ့ညပိုင်းကတည်းက နခခ-၅ စခန်းထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရိက္ခာပြတ်လပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လေကြောင်းပစ်ကူပေးနေပေမဲ့ AA တပ်တွေကို ပြန်မတိုက်နိုင်တော့ဘဲ အရှုံးပေးခဲ့ရတာဖြစ်တယ်လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။
“ငတ်လို့ သေသွားသူတွေပါရှိတယ်လို့ပြောတယ်” လို့ သူက ပြောပါတယ်။
AA သိမ်းပိုက်ပြီးနောက်မှာလည်း စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဆက်လက်ဗုံးကြဲခဲ့ပါတယ်။ အဲဒီတပ်စခန်းထဲက မြေကျင်းတွေမှာ ဓါးစာခံအဖြစ်ဖမ်းဆီးခံထားရသူတွေကို AA တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်ပေးခဲ့တယ်လို့ CJ Platform ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်ထဲမှာလည်း တောင်ကုတ်မြို့ကို ရလိုက်တဲ့အတွက် ရခိုင်မှာ မြို့ ၁၃ ခုအထိ AA တို့ ရလိုက်တာဖြစ်ပါတယ်။
ဒါကြောင့် ရခိုင်ပြည်ထဲ AA တို့ မြို့ ၁၃ ခုအထိ သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး ချင်းပြည်၊ ပလက်ဝဒေသတစ်ခုလုံးကိုလည်း ထိန်းချုပ်ထားပါတယ်။
ဒါ့အပြင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နပခရှိရာ အမ်းမြို့နဲ့ အနီးတဝိုက်က စခန်းအားလုံးကို AA တို့ သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။ နောက်ဆုံးကျန်တဲ့ နပခကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မကြာမီရတော့မယ်လို့ CJ Platform ရဲ့ သတင်းရင်းမြစ်တွေက ပြောနေကြပါတယ်။
****************************************
“လူသတ်မုဒိမ်းမှုမှာ နှစ်ခြမ်းကွဲနေတဲ့ စလင်းတော်လှန်ရေးအဖွဲ့များ”
ပြီးခဲ့တဲ့အောက်တိုဘာလ ၂၁ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ စလင်းမြို့နယ်၊ တော်လှန်ရေးစိုးမိုးနယ်မြေ ဂုန်ညှင်းနွယ်ရွာမှာ ဦးစံ(၄၂)နှစ်က အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါတယ်။
ဒီအမှုကတရားခံကို အောက်တိုဘာ ၂၂ ရက်နေ့မှာပဲ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံက ဝန်ခံခဲ့သလို အဓိကသက်သေပစ္စည်းဖြစ်တဲ့ လူသတ်လက်နက်လည်း ရရှိခဲ့ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး NUG တရားရေးဌာနကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ NUG ဘက်က တုံ့ပြန်မှုကြာမြင့်နေတဲ့အတွက် နိုဝင်ဘာ ၁၅ ရက်နေ့မှာပဲ ဦးစံကို မြို့နယ်ပကဖက သေဒဏ်ချမှတ်လိုက်တဲ့အကြောင်း CJ Platform သတင်းဌာနက နိုဝင်ဘာ ၃၀ ရက်နေ့မှာ စုံစမ်းရေးသားဖော်ပြခဲ့ပါတယ်။
အဲဒီအမှုနဲ့ပတ်သက်ပြီး စလင်းမြို့နယ်ပအဖနဲ့ လုံးဝမသက်ဆိုင်ဘူးဆိုပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ အဲဒီနောက် မြို့နယ်ပကဖဘက်က “မြို့နယ်အတွင်းဆိုးဆိုးရွားရွားဖြစ်ပျက်သွားတဲ့ လူသတ်မုဒိန်းမှုကိုတောင် အာရုံမထား၊ ဂုန်ညှင်းနွယ်ရွာတောင် မရောက်ဘဲ အခုလိုကန့်လန့်တိုက်တာကို ရှုတ်ချပြီး ဒေသခံပြည်သူတွေရဲ့ တောင်းဆိုချက်အရ လုပ်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်မယ်” လို့ ဒီဇင်ဘာ ၅ ရက်စွဲနဲ့ ထုတ်ပြန်လာပြန်ပါတယ်။
ဒီထုတ်ပြန်ချက်ကို CJ Platform ကို ပြန်လည်ဖြေဆိုခဲ့တဲ့ စလင်းမြို့နယ်ပအဖရဲ့ ဥပဒေရေးရာ ပူးတွဲတာဝန်ခံ ဟန်နီကယ်၊ ဂုန်ညှင်းနွယ်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ပကဖတာဝန်ခံ၊ သတင်းထောက်လှမ်းရေးတာဝန်ခံတို့ရဲ့ လက်မှတ်တွေနဲ့အတူ တာဝန်ရှိသူ ခုနစ်ဦးရဲ့လက်မှတ်တွေနဲ့ ထုတ်ပြန်ထားတာပါ။
ဒါပေမဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ NUG ဘက်ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြောလာတာမျိုးမရှိသေးပါဘူး။
****************************************
“တစ်ဖက်သတ်အပစ်ရပ်လိုက်တဲ့ ကိုးကန့်တပ်”
၁၀၂၇ စစ်ဆင်ရေးနှစ်ကျော့အတွင်း လောက်ကိုင်နဲ့ ရမခ(လားရှိုး)အထိ သိမ်းနိုင်ခဲ့ပြီးနောက် တရုတ်ဖိအားဒဏ်မခံနိုင်တဲ့ ရှမ်းပြည်မြောက်ပိုင်းက ကိုးကန့်တပ် MNDAA တို့ ဒီတစ်ပတ် ဒီဇင်ဘာ ၃ ရက်၊ အင်္ဂါနေ့မှာပဲ တစ်ဖက်သတ်အပစ်ရပ်ပြီး စစ်ကောင်စီကို ထိုးစစ်မစတင်တော့တဲ့အကြောင်း တရားဝင်ကြေညာပါတယ်။
MNDAA ခေါင်းဆောင် ဖုန်တာရှင်ကို တရုတ်ထိန်းသိမ်းထားသလို လားရှိုးက ဆုတ်ဖို့ တရုတ်ဖိအားပေးနေချိန်မှာပဲ တရုတ်ရဲ့ကြားဝင်စေ့စပ်မှုကို လက်ခံပြီး ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာမယ်လို့ ထုတ်ပြောလာခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲအတွက် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့စေလွှတ်မယ်လို့လည်း ပြောထားပါတယ်။
စစ်ကောင်စီတောင်းနေတဲ့ လားရှိုးကို တရုတ်အဆုံးအဖြတ်ကို လိုက်နာမယ်လို့ဆိုသလို တရုတ်ကြားဝင်စေ့စပ်မှုကို ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောသွားပါသေးတယ်။
ကိုးကန့်တပ်အနေနဲ့ ခွဲထွက်ပြီး နိုင်ငံသစ်ထူထောင်မှာမဟုတ်ပေမဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက်တောင်းဆိုသလို အပစ်ရပ်ပေမဲ့ မိမိကိုယ်ကိုခုခံပိုင်ခွင့်ကို ဆက်လက်ကိုင်ဆွဲသွားမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က တစ်နိုင်ငံလုံးမှာ လေကြောင်းနဲ့ မြေပြင်ထိုးစစ်တွေရပ်ပေးရမယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်ထဲ ထည့်သွင်းတောင်းဆိုထားပါတယ်။
အဲဒီလိုထုတ်ပြန်အပြီး နောက်ပိုင်းရက်တွေမှာတော့ ရှမ်းပြည်မြောက်ပိုင်း ဒေသထဲ လေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်သွားပေမဲ့ အညာဒေသဘက်မှာတော့ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။
MNDAA ရဲ့ အခုသဘောထားထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုးကွဲပြားမှုတွေရှိနေပါတယ်။
****************************************
“ယူနီဖောင်း ပြောင်းသွားရုံပဲလော”
မွန်နဲ့ စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအဖွဲ့တွေက စစ်ကောင်စီလက်အောက်ခံနှစ်ဦးကို ဦးခေါင်းဖြတ်ပြီး ရက်ရက်စက်စက်သတ်ဖြတ်မှု ရုပ်သံဖိုင်တွေနဲ့အတူ သတင်းတွေ ဒီတစ်ပတ်ထဲပျံ့နှံ့လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က နေပြည်တော်-ကံပြားလမ်းပိုင်းတစ်နေရာမှာပြုလုပ်တဲ့ ကြက်ဝိုင်းတစ်ခုကိုရောက်ရှိလာတဲ့ ပျူစောထီး မင်းမင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးက စစ်ရေးပစ်မှတ်အဖြစ် ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။
အဲဒီရှင်းလင်းမှုမှာ မင်းမင်းနဲ့အတူ တပည့်ဖြစ်သူတို့သေဆုံးသွားခဲ့ပါတယ်။ အဲဒီနောက် လူမှုကွန်ရက်ပေါ်ရုပ်သံဖိုင်တစ်ခုပျံ့နှံလာခဲ့ပြီး အဲဒီထဲ ဖြတ်တောက်ခံထားရတဲ့ မင်းမင်းရဲ့ ဦးခေါင်းကို ခြေထောက်နဲ့ ကန်ကျောက်နေပုံတွေ တွေ့မြင်ခဲ့ရပါတယ်။
ဒါကြောင့် အဲဒီရဲဘော်လေးဦးကို NUG လက်အောက်ခံ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်( မကွေးတိုင်းအရှေ့ခြမ်း)က ဒီတစ်ပတ်ထဲ ထောင်ဒဏ်တစ်နှစ်စီချမှတ်လိုက်ပါတယ်။
ဒါ့အပြင် ဒီနှစ် ၂၀၂၄ ဇွန်လကုန်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မွန်ပြည်အခြေစိုက် ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ဝင် ဦးခေါင်းဖြူ ခေါ် မင်းဇံကို ခေါင်းဖြတ်သတ်ဖြတ်နေတဲ့ ရုပ်သံဖိုင်တစ်ခုလည်း လူမှုကွန်ရက်ပေါ် ဒီတစ်ပတ်ထဲ ပျံ့နှံ့လာခဲ့ပါတယ်။
ဒီအမှုကိုစစ်ဆေးဖို့ NUG/MoD က ခုံရုံးဖွဲ့စစ်ဆေးအရေးယူဖို့လုပ်ဆောင်နေပါတယ်။
****************************************
“ဗန်းမော် အောင်ပွဲခံရတော့မလား”
ကချင်ပြည်၊ ဒုတိယမြို့တော် ဗန်းမော်မြို့နဲ့ မံစီမြို့တို့ကို KIA/PDF တွေ ဒီဇင်ဘာ ၄ ရက် ဗုဒ္ဓဟူးနေ့မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့အပြင်းအထန်ခုခံခဲ့တဲ့ကြားက အဓိကတပ်ဖြစ်တဲ့ ခလရ-၄၇ ကာကင်းစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေခဲ့ပါတယ်။
ဒီဇင်ဘာ ၆ ရက် သောကြာနေ့မှာ KIA/PDF တပ်ဖွဲ့ဝင်တွေ ဗန်းမော်မြို့တွင်းကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ရင်းစခန်းတွေနဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)တို့ကို ဆက်လက်တိုက်ခိုက်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။
ဗန်းမော်မြို့မှာ စကခ-၂၁ ၊ ခလရ-၂၃၆ နဲ့ ၄၇ ၊ အမတ-၃၃၆ နဲ့ ၃၀၄၊ သခက- ၇၀၀၆ ၊ တကတ- ၅၀၁၄ နဲ့ လက်ရုံးတပ်ရင်း ၅ ရင်းခန့် တည်ရှိပါတယ်။ မံစီမြို့မှာတော့ ခမရ- ၃၁၉ နဲ့ ၆၀၁ တို့နဲ့အတူ အမတ-၅၂၃ တို့ရှိနေပါတယ်။
အခုတိုက်ပွဲတွေကြောင့် ဗန်းမော်မြို့ခံ သောင်းနဲ့ချီ ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။