“စစ်ဘေး၊ သဘာဝဘေးကြားက သဲ့သဲ့လေးကြားနေရတဲ့ အသံတွေ”

Author မင်းထက်
Categories
Published on Nov 08, 2024

ဒီတစ်ပတ်အတွက် CJ Platform ရဲ့ “ဒုက္ခအတိတွေ့နေသူတွေရဲ့ တီးတိုးသံ” ကဏ္ဍအတွက် အညာဒေသလို့ အများသိကြတဲ့ စစ်ကိုင်းက စစ်ရှောင်တွေရဲ့ အသံတွေကို ဖော်ထုတ်ထားပါတယ်။ သူတို့ ဘယ်လို အခက်အခဲ အကျပ်အတည်းတွေ ရင်ဆိုင်နေရပါသလဲ။ ဘယ်လို မျှော်လင့်ချက်တွေ ရှိနေပါသလဲ။ ဘယ်လို ရုန်းကန်နေရပါသလဲ။

****************************************

 

“အခုနောက်ပိုင်းမှာ စကစက သူတို့ တပ်သား စုဆောင်းရေးအတွက် စုဆောင်းတာတွေ ရှိတယ်။ တချို့ဆို အလုပ်သွားရင်း ဖမ်းဆီးခံရပြီး ပြန်မလာတာတွေရှိတော့ ယောကျာ်းလေး၊ မိန်းကလေး အလုပ် မသွားရဲတော့တာတွေ ရှိတယ်”

 

ဆားလင်းကြီးမြို့နယ်မှာ စစ်ရှောင်နေတဲ့ အမျိုးသမီး

 

စစ်တပ်က မီးရှို့တာတွေ စစ်ကြောင်းထိုးတာတွေကြောင့်  ၂ နှစ်ကျော်လောက်ရှိပြီ။ အခုက တောထဲ ရွာနဲ့ မလှမ်းမကမ်းမှာ နေနေတာ။  ကျွန်တော်တို့က  အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နဲ့ နီးတာရော၊ အထိုင်စခန်းတွေနဲ့ နီးတာရော ရွာတွေ ပြန်ကပ်မရတော့တဲ့အခါ တောထဲ၊ တောင်ထဲမှာ ကာလရှည်စစ်ဘေးရှောင်အနေနဲ့ နေနေရတာပေါ့ဗျာ။ အလှူရှင်တွေ၊ လှူဒါန်းတာတွေတော့ ရှိပေမဲ့ စား၀တ်နေရေးအတွက်ကတော့ အဆင်မပြေဘူး။ လက်လုပ် လက်စား ဘ၀လေးနဲ့ပဲ လုပ်ကိုင်နေရတာ။ ကိုယ်ပိုင်လုပ်ငန်းရယ်ဆိုပြီး ဘယ်သူမှ မရပ်တည်နိုင်တော့ဘူး။ မီးလောင်ဆုံးရှုံးတာတွေနဲ့ ဆိုတော့လေ။ အခုနောက်ပိုင်းမှာ စကစက သူတို့ တပ်သားစုဆောင်းရေးအတွက် စုဆောင်းတာတွေရှိတယ်။ တချို့ဆို အလုပ်သွားရင်း ဖမ်းဆီးခံရပြီး ပြန်မလာတာတွေရှိတော့ ယောကျာ်းလေး၊ မိန်းကလေး အလုပ် မသွားရဲတော့တာတွေရှိတယ်။ နောက်ပြီး ကိုယ့်အိမ် ကိုယ့်ရာမှာ ဆိုရင်တော့ ကလေးပဲဖြစ်ဖြစ်၊ သားပျို၊ သမီးပျိုပဲဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ် လွပ်လွပ်လပ်လပ်၊ ရဲရဲတင်းတင်း နေထိုင်ရဲတယ်။ လုံခြုံမှုအနေနဲ့ကတော့ မိန်းကလေး ယောကျာ်လေးအများနဲ့ စောင့်ရှောက်ပြီး နေနေရတယ်။ ရေချိုးမယ်ဆို ကိုယ့်အိမ် ကိုယ့်ရာလိုတော့ လွတ်လွတ်လပ်လပ် ချိုးလို့ မရဘူးပေါ့။ ရေချိုးတဲ့ နေရာအစ ရေအိမ်၀င်တာ၊ အိပ်တာအဆုံး အစစအရာရာ လိုအပ်တာတွေရှိတယ်။ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အလှူရှင်တွေက ပေးတာမျိုး ရှိတယ်။ စားနပ်ရိက္ခာအတွက်ကတော့ လုံလောက်မှု မရှိဘူး။ အဓိက ပြဿနာက အဲဒါပါပဲဗျ။

****************************************

 

“အိမ်မီးလောင်တော့ PDF တွေက စာရင်းပေးခိုင်းတဲ့ NUG က ထောက်ပံ့တာလား၊ နှစ်သောင်း တစ်ခါရတယ်။ ဆန်တစ်ပြည်လောက် ရတာရှိတယ်။ အဲဒီနောက်ပိုင်း ဘာ အထောက်ပံ့မှ ရတာမရှိဘူး”

 

စစ်ကိုင်းမြို့နယ်က  အသက် ၄၀ ဝန်းကျင်အရွယ် စစ်ရှောင်အမျိုးသမီး

 

သူတို့က စိတ်ထင်တဲ့အတိုင်း ၀င်ရောက် မီးရှို့သတ်ဖြတ်တာရှိတော့ တိမ်းရှောင်လာရတာ။ ကျွန်မတို့ဆို လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်ကပဲ တိမ်းရှောင်လာရတာ။ နေစရာဆိုတာကလည်း သူများခြံတွေထဲမှာ ကပ်နေရတယ်။ ခြံရှင်တွေက သိပ်မကြည်ဖြူလာရင် နေရာပြောင်းရတာတွေရှိတယ်။ အခုနေတဲ့ နေရာက လေးကြိမ်မြောက် ပြောင်းပြီး ရောက်လာတဲ့နေရာ။ အမျိုးသားကလည်း အဝေးမှာ အလုပ်သွားလုပ်တာ၊ လမ်းကြောတွေ မကောင်းတော့ ပြန်မလာနိုင်ဘူး။ အခုက ဒီ မိသားစု စား၀တ်နေရေးအတွက်က ကျွန်မရယ်၊ ညီမရယ်ပဲ ရက်ကန်းလေး ယက်ပြီးပဲ လုပ်နေရတာ။ အဆင်ပြေတယ်ရယ်တော့ မဟုတ်ဘူး။ အခက်အခဲကတော့ စား၀တ်နေရေး အခက်အခဲပါ။ ဒီရက်ကန်းလေး ယက်ပြီး စားနေရပေမဲ့ တော်နေကြာ အုန်းအုန်းဒိုင်းဒိုင်းဆိုရင် လမ်းကြောမကောင်းလို့ အထည် မပို့ရရင် ပိုက်ဆံမရ၊ စားဖို့ခက်ခဲတော့ နီးစပ်ရာလေးတွေပဲ ချေးငှား လှည့်ထားရတာ။ အထောက်အပံ့ကလည်း အိမ်မီးလောင်တော့ PDF တွေက စာရင်းပေးခိုင်းတဲ့ NUG က ထောက်ပံ့တာလား နှစ်သောင်း တစ်ခါရတယ်။ ဆန်တစ်ပြည်လောက် ရတာရှိတယ်။ အဲဒီနောက်ပိုင်း ဘာအထောက်ပံ့မှ ရတာမရှိဘူး။ နေရ ထိုင်ရတာတော့ အိမ်မှာက မိန်းမသားတွေကြီးပဲ များတာ။ အဖေရယ်၊ အမေရယ်၊ ကျွန်မရယ်၊ ညီမလေးရယ်နဲ့ သားလေးနဲ့ သမီး နှစ်ယောက်ရယ်ဆိုတော့ အိမ်မှာလို နေရတာ မဟုတ်တော့ ဘယ်အချိန် ဘာဖြစ်မလဲ၊ အမူးသမား၊ အရူးသမားက အစ စိုးရိမ်မိတာတွေတော့ ရှိပါတယ်။

****************************************

 

“ဒီနှစ် ရာသီဥတုက မိုးရွာတာနဲ့ စောစောပိုင်းလတွေက ရေကြီးတာကြောင့် စပါးစိုက် မရခဲ့ဘူး။ အခုဆို ပဲနဲ့ နှမ်းကြဲတာ နှစ်ခါရှိပြီ။ မိုးရွာလို့ ပျက်ကုန်တာလေ”

 

စစ်ကိုင်းမြို့တွင်းတစ်နေရာက စစ်ရှောင်လာသူ ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး

 

ရွာဘက်က မငြိမ်တော့ မြို့ပေါ်ရှောင်လာတာ တစ်နှစ်ကျော်ပြီ။ အမျိုးသားကတော့ ရွာမှာကျန်ခဲ့တာ။ အိမ်တွေ မီးလောင်တာမျိုးတော့ မရှိဘူး။ စစ်ကြောင်း၀င်တာတော့ ရှိလို့  တစ်ခါတလေ လူအဖမ်းအဆီးပါရှိတော့ ကြောက်လို့ ရှောင်လာတာ။ နေရတာတော့ ဘုန်းကြီးကျောင်းတွေထဲ လာနေတာဆိုတော့ အစစအရာရာ သွားသတိ၊ လာသတိ နေရတယ်။ အခက်အခဲဆိုရင်တော့ နေဖို့ထက် စားဖို့က လုံးပန်းရသေးတာ။ ရှိစု မှတ်စုလေးနဲ့ စားသောက်နေရတာပေါ့နော်။ အမျိုးသားက  ရွာဘက်နေရင်း စိုက်ပျိုးရေးလုပ်တယ်။ စပါးတို့၊ ပဲတို့ စိုက်တာပေါ့။ အဲဒီဟာလေးနဲ့ပဲ တစ်နှစ် တစ်နှစ် စားရတာပဲ။ အရင်နှစ်တွေက စပါးစိုက်ရတော့ တစ်နှစ်စာ ဖူလုံတယ်။ ဒီနှစ် ရာသီဥတုက မိုးရွာတာနဲ့ စောစောပိုင်းလတွေက ရေကြီးတာကြောင့် စပါးစိုက်မရခဲ့ဘူး။ အခုဆို ပဲနဲ့ နှမ်းကြဲတာ နှစ်ခါရှိပြီ။ မိုးရွာလို့ ပျက်ကုန်တာလေ။ တစ်ကိုယ်ရည် အခက်အခဲက ထွေထွေထူးထူးမရှိဘူး။ ဒီမိသားစု သုံးလေးယောက် စားရေး၊ သောက်ရေး အခက်အခဲကိုပဲ တစ်နေ့တစ်နေ့ တွေးနေရတာပါပဲ။

 

ဓာတ်ပုံ – S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့