ရခိုင်ပြည်မှာ လူနှစ်သန်းနီးပါး အငတ်ဘေး ကြုံရနိုင်

Author CJ Platform
Categories
Published on Nov 08, 2024

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြားမှာ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာနေသလို ကုန်သွယ်မှုတွေကိုလည်း ပိတ်ဆို့ထားတာကြောင့် လာမယ့် လပိုင်းအတွင်းမှာပဲ ရခိုင်ပြည်နယ်တွင်းက လူနှစ်သန်းဝန်းကျင်ဟာ အငတ်ဘေးနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ကုသလမဂ္ဂ (UN) က အကြီးတန်း အရာရှိ တစ်ဦးက ပြောပါတယ်။

 

လက်ရှိမှာ တိုက်ပွဲနဲ့ ကုန်သွယ်မှု ပိတ်ဆို့ထားတာကြောင့် အရင်တုန်းက တိရိစ္ဆာန်တွေကိုသာ ကျွေးလေ့ရှိတဲ့ ဆန်ကြမ်းတွေကို ဒေသခံတချို့အနေနဲ့ စားသောက်နေရတယ်လို့  ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ရဲ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

 

“၂၀၂၅ ခုနှစ်အထိ ဒီအခြေအနေ ဆက်ဖြစ်နေမယ်ဆိုရင် လူနှစ်သန်းလောက် အငတ်ဘေးကြုံတွေ့ရနိုင်တယ်”လို့ UNDP ရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ကန်နီဝစ်ဂျ်နာရာဂျီ (Kanni Wignaraja) က ဆိုပါတယ်။

 

အစီရင်ခံစာအရ ရခိုင်ပြည်တွင်းက အိမ်ထောင်စု ထက်ဝက်ကျော်ရဲ့ လစဉ် ပျမ်းမျှဝင်ငွေဟာ ကျပ် ၆၆,၆၀၀ ဝန်းကျင်ကနေ ၄၆,၆၂၀ အထိ ကျဆင်းသွားနိုင်ပြီး လူအများစုဟာ တစ်နေ့ကို တစ်နပ်လောက်ပဲ စားသောက်နိုင်တဲ့ အခြေအနေကို ရောက်ရှိသွားနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ဆန်စပါးထုတ်လုပ်မှုဟာလည်း အရင်က တန်ချိန် ၂၈၂,၀၀၀ ကျော် ရှိခဲ့ပေမဲ့ အခုနှစ်မှာတော့ တန်ချိန် ၉၇,၀၀၀ အထိ ကျဆင်းသွားနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ အဲဒီ ပမာဏဟာ ရခိုင် ပြည်တွင်း ဆန်စပါး လိုအပ်ချက်ရဲ့ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိတယ်လို့လည်း သိရပါတယ်။

 

ကုန်သွယ်ရေးလမ်းကြောင်းတွေဟာ အရင်က ရှစ်ခုကနေ ၁၀ ခုအထိ ရှိပေမဲ့ လက်ရှိမှာတော့ နှစ်ခုပဲ ကျန်တော့တာကို တွေ့ရတယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။ ဒါကြောင့် တိုက်ပွဲပြင်းတန်နေတဲ့ ဒေသတွေမှာ ဆန်နဲ့ စားသုံးဆီဈေးတွေဟာ ခေါင်ခိုက်နေပြီး အရင်ကထက် ဈေးနှုန်း ဆယ်ဆလောက် အထိ မြင့်တက်နေတယ်လို့လည်း ဆိုပါတယ်။

 

လက်ရှိမှာ စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ  ၅၁၁,၀၀၀ ယောက် ကျော်ရှိနေပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း စစ်တပ်ဘက်က ကန့်သတ်ချက်တွေ လုပ်ဆောင်နေတာကြောင့် အခက်အခဲတွေ အများအပြား ကြုံတွေ့နေရတယ်လို့လည်း ဆိုပါတယ်။

 

ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုလည်း အားနည်းနေတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ကလေးငယ် ၃၆ ယောက်ထက် မနည်း သေဆုံးခဲ့ရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

 

UNDP ကတော့ အခုလို ဖြစ်ပျက်နေတာကြောင့် အရေးပေါ် အကူအညီတွေ ချက်ချင်းပေးဖို့နဲ့ နိုင်ငံတကာ အနေနဲ့လည်း ဝင်ရောက်ဖြေရှင်းပေးဖို့ လိုအပ်နေတယ်လို့ တိုက်တွန်းထားပါတယ်။

 

အစီရင်ခံစာထဲမှာ စစ်ကောင်စီက ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေဟာ ရခိုင်ပြည်ကို အခြားဒေသတွေနဲ့ ခွဲထုတ်ထားဖို့ ရည်ရွယ်ထားပြီး အားနည်းနေတဲ့ လူနည်းစုအပေါ် “စုပေါင်းပြစ်ဒဏ်” ပေးခြင်းကို အတိအကျ လုပ်ဆောင်ဖို့ ရည်ရွယ်နေတယ်လို့လည်း ပြောထားပါတယ်။

 

ဒါပေမဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ အဲဒီစွပ်စွဲချက်တွေကို အရင်ကတည်းက ငြင်းဆိုထားပြီး AA ကသာ “နေထိုင်သူတွေရဲ့ လူမှုစီးပွားဘဝ၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတို့ကို ဖျက်ဆီးနေတာဖြစ်တယ်”လို့ အပြစ်တင်ထားပါတယ်။

 

လက်ရှိ ရခိုင်ပြည်တွင်း ကြုံတွေ့နေရတဲ့ အဆိုးရွားဆုံး အခြေအနေတွေကို ကျော်လွှားနိုင်ဖို့အတွက် စစ်တပ်ရဲ့ ကန့်သတ်ချက်တွေ အားလုံး ရုပ်သိမ်းပေးဖို့၊ ရခိုင်ပြည်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် အပါအဝင် ရခိုင်ပြည်နယ်မှာ ကုန်စည် ကူးသန်းရောင်းဝယ်ရေးတွေ ခွင့်ပြုပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးသူတွေကို အကန့်အသတ်မရှိ ဝင်ရောက်ခွင့်ပြုဖို့လည်း UNDP က တောင်းဆိုထားပါတယ်။

 

ဓာတ်ပုံ – သဘာဝနဒီ

ပုံစာ – ရခိုင်ပြည် မြေပုံမြို့နယ်က ဒညှင်းစစ်ဘေးရှောင်စခန်းမှာ ဆန်ဝေနေပုံ (ပုံအဟောင်း)

ကိုးကား- The Guardian