မှော်ဘီ ဒေဝူးစက်ရုံဖယ်ရီကား တိမ်းမှောက်၊ တစ်ဦးသေဆုံးပြီး နှစ်ဦး အရေးပေါ်ရောက်

Author ကိုထက်
Categories
Published on Oct 08, 2024

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က ဒေဝူးအထည်ချုပ်စက်ရုံဖယ်ရီကားတစ်စီးဟာ ယမန်နေ့အောက်တိုဘာလ ၇ ရက်ညပိုင်းက ပြည်လမ်းမ သန္ဓေပင်ကျေးရွာအနီးမှာ တိမ်းမှောက်ခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးနဲ့ နှစ်ဦးအရေးပေါ်ရောက်ကာ ၄၀ ကျော် အသေးစား ဒဏ်ရာတွေ ရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတွေဆီက သိရပါတယ်။

 

အောက်တိုဘာလ ၇ ရက် ည ၇ နာရီလောက်က စက်ရုံကနေအပြန် အလုပ်သမားတွေတင်ဆောင်လာတဲ့ ဖယ်ရီကားဟာ လမ်းဘေး‌လျှပ်စစ်ဓာတ်တိုင်ကို ဝင်တိုက်မိပြီး တိမ်းမှောက်ခဲ့တာလို့ မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

“ကားကအရမ်းမောင်းလာတာ ဖြစ်မယ်။ ဓာတ်တိုင်ကို ဝင်တိုက်ပြီးမှောက်တာ။ ခေါင်းခန်းက ထိုင်လိုက်လာတဲ့ အမျိုးသမီးတစ်ဦးကတော့ နေရာမှာပဲ သေဆုံးသွားတယ်။ ယာဉ်မောင်းနဲ့ နောက်တစ်ယောက်ကတော့ အရေးပေါ်ကို ပို့လိုက်ရတယ်။ ကျန်တဲ့အလုပ်သမားတွေကတော့ မူးဝေ၊ ပွန်းပဲ့လောက်ပဲ ဒဏ်ရာရတာပါ”လို့ ၎င်းက ပြောပါတယ်။

 

ဖယ်ရီကားမှောက်ရာ နေရာကို  မီးသတ်တပ်ဖွဲ့နဲ့အတူ ကြက်ခြေနီအဖွဲ့နဲ့ လူမှုကယ်ဆယ်ရေး ယာဥ်တွေက လာရောက်ကူညီပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 

“ဖယ်ရီကားမောင်းတဲ့သူတွေ အရမ်းအရမ်း မောင်းတာ။ ညကလည်း သိသိချင်း အရမ်း‌စိတ်ပူသွားတယ်။ ဆေးရုံကို ရောက်မှ ဘာမှသိပ်မဖြစ်တာသိရတော့မှ စိတ်အေးရတယ်။ ကောင်မလေးတစ်ယောက်ကတော့ ပွဲချင်းပြီးပဲ‌တဲ့ သူတို့ပြောတာ”လို့ ဒဏ်ရာရှိသူ အမျိုးသမီးအလုပ်သမားတစ်ဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်ညပိုင်းကလည်း မဂ်လာဒုံမြို့နယ်မှာ YBS ၃၅ နဲ့ စက်ရုံဖယ်ရီကားတို့ မျက်နှာချင်းဆိုင်တိုက်မိလို့ ယာဉ်မောင်းတစ်ဦးသေဆုံးပြီး၊ စက်ရုံဝန်ထမ်း ၃၀ ဦးနဲ့ YBS 35 ပေါ်က အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါ‌ေသးတယ်။

 

ဓာတ်ပုံ – MFSD