ကင်မရာမဆန့်တဲ့ ကား၊ ဆိုင်ကယ်တန်းကြီးနဲ့ ဒေါက်တာ ဇော်မြင့်မောင် နာရေးသို့ မန်းမြို့သူ.သားတွေ လိုက်ပို့

Author ကိုထားဝယ်
Categories
Published on Oct 08, 2024

မန္တလေးသူ/သားတွေရဲ့ အချစ်တော် ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ဈာပနအခမ်းအနားကို ဒီကနေ့ အောက်တိုဘာ ၈ ရက် မနက်ပိုင်းမှာ မန္တလေးမြို့၊ တောင်အင်းမြောက်အင်းသုသာန်မှာ ပြုလုပ်ဖို့စီစဉ်ထားပါတယ်။

 

ဒီကနေ့မနက် ၁၀ နာရီခန့်မှာ ဒေါက်ဇော်ရဲ့နေအိမ်ဖြစ်တဲ့ မန္တလေးမြို့၊ (ဃ)ရပ်ကွက်၊ ဓမ္မာရုံလမ်း၊ ကျွဲဆည်ကန်ကနေ နာရေးကားနဲ့ လိုက်လံပို့ဆောင်သူတွေ ထွက်ခွာခဲ့ကြပါတယ်။

ဒါကြောင့် သူ့ရဲ့နာရေးကို မန္တလေးတခွင်က လူထုဟာ မျက်စိမဆုံး၊ ကင်မရာရိုက်လို့မဆန့်တဲ့ ကား၊ ဆိုင်ကယ်တန်းကြီးနဲ့ လိုက်လံပို့ဆောင်နေတယ်လို့ အဲဒီက လိုက်လံပို့ဆောင်နေသူ မန်းမြို့ခံတွေက CJ Platform သို့ ပြောပါတယ်။

 

“ခေတ်မကောင်းတာတောင် အတော်စည်ပါတယ်။ မျက်စိမဆုံးဘူး။ ကင်မရာလည်း မဆုံးဘူး” လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

 

ဆရာ ဇော်ရဲ့ နာရေးကို စစ်ကောင်စီဘက်က စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတို့အပါအဝင် အဖွဲ့စုံက ယူနီဖောင်းဝတ်တွေအပြင် အရပ်ဝတ်တွေနဲ့ပါ လုံခြုံရေးအပြည့်ချထားတယ်လို့ မန်းမြို့သူ/သားတွေက ပြောပါတယ်။

 

ဒေါက်တာ ဇော်မြင့်မောင်ကို စစ်ကောင်စီက အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာပဲ ဖမ်းဆီးခဲ့ပါတယ်။

 

အဲဒီနောက် သွေးကင်ဆာရောဂါခံစားနေရသူကို ပုဒ်မမျိုးစုံတပ်ပြီး စစ်ကောင်စီက ထောင် ၂၉ နှစ်ချမှတ်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းအတွင်း ရောဂါခံနဲ့အတူ အဆုပ်အအေးမိရောဂါခံစားသွားရပြီးနောက် မန္တလေးဆေးရုံကြီး အရေးပေါ်ဆောင်ကို ပို့ဆောင်ကုသခဲ့ပေမဲ့ အောက်တိုဘာ ၇ ရက် မနက် ၃ နာရီမှာ ဆုံးပါးခဲ့ရပါတယ်။