စစ်ကောင်စီတပ်သားတွေ အလင်းဝင်မှု များလာတဲ့အတွက် ကော့ကရိတ်အာရှလမ်းပိုင်းမှာ စစ်ကောင်စီဘက်က အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်
ကရင်ပြည်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား နေ့စဉ်တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီ တပ်သား အများစု အလင်းဝင်မှုများလာတဲ့အတွက် စစ်ကောင်စီဘက်ကလည်း ဇန်နဝါရီလ ၇ ရက်နေ့ကစတင်ပြီး လူအင်အား၊ လက်နက်အင်အား ပြန်လည်ဖြည့်တင်းမှုတွေ ပြုလုပ်နေတယ်လို့ CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်ဆီက စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီအနေနဲ့ သူတို့ရဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်တဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အောင်ဇေယျစစ်ဆင်ရေးကို ဖော်ဆောင်ပြီး ထိုးစစ်ဆင်ခဲ့ပါတယ်။
ဒါပေမဲ့ တော်လှန်ရေးပူပေါင်းတပ်တွေရဲ့ ပိတ်ဆို့ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်တွေ အကျအဆုံး များလာသလို လက်နက်အင်အားလျော့နည်းလာပြီး စားနပ်ရိက္ခာပြတ်လပ်မှုတွေကိုလည်း ကြုံနေရပါတယ်လို့ဆိုပါတယ်။
“အခုလို ရှေ့တန်းမြေပြင် အခြေအနေတွေကြောင့် စစ်ကောင်စီဘက်က အညံ့ခံ အလံဖြူထောင်တာတွေ များလာသလို သူတို့ထဲမှာ အမျိုးသမီးစစ်သည် ၄၀ ဦးခန့် ရှိနိုင်တယ်”လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
အခုလို လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ပူးပေါင်းလာတဲ့ စစ်သည်တွေကိုလည်း ထောက်ပံ့ငွေပေးအပ်ပွဲလုပ်ပြီး ကြိုဆိုခဲ့တယ်လို့ ကေအဲန်ယူဗဟိုက ဇန်နဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
“ရှေ့တန်းမြေပြင်မှာ တပ်သားအင်အား လျော့နည်းလာတဲ့အတွက် စစ်ကောင်စီဘက်ကနေပြီး ဇန်နဝါရီလ ၆ ရက်နေ့က လူအင်အားအနည်းငယ်သာ ဖြည့်တင်းခဲ့ပေမဲ့ ဇန်နဝါရီ ၇ ရက်နေ့က စတင်ပြီး လူအင်အားအပြင် လက်နက်ခဲယမ်းတွေကိုပါ ပြန်လည်ဖြည့်တင်းတာတွေ လုပ်ဆောင်လာတယ်”လို့ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
လက်ရှိမှာ မြဝတီလမ်းဟောင်းဘက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား နှစ်ဘက်ထိပ်တိုက်မှု ရှိနေကြပြီး စစ်ကောင်စီဘက်က ဒရုန်းဖြတ်တောက်ရေး (Jammer) တွေ လာရောက်တပ်ဆင်ထားတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – KNU
ပုံစာ – ရှေ့တန်းအမှတ် (၅၅) တပ်မ အောင်ဇယျစစ်ကြောင်းက စစ်ကောင်စီတပ်သားတွေ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဆီ အလံဖြူထောင် ပူးပေါင်းလာစဉ်။