မြို့သိမ်းနဲ့ မြို့ထိန်းနိုင်ရေးအတွက် MBT က တပ်ဖွဲ့၀င်သစ် ခေါ်ယူ

Author မင်းထက်
Categories
Published on Jan 08, 2025

အညာအခြေစိုက် Myingyan Black Tiger (MBT) တပ်ဖွဲ့ဟာ စစ်ကောင်စီကို ဆုံးခန်းတိုင် တိုက်ခိုက်နိုင်ရေးအပြင် မြို့ပြတွေကို ၀င်ရောက်စီးနင်းကာ သိမ်းပိုက်နိုင်ရေးနဲ့ မြို့ထိန်းနိုင်ရေး လုပ်ငန်းစဥ်တွေအတွက် တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့  တပ်ဖွဲ့ခေါင်းဆောင် ကိုမိုက်ခဲက ဒီကနေ့ ဇန်န၀ါရီ  ၈ မှာ CJ Platform ကို ပြောပါတယ်။

 

အဲဒီခေါ်ယူမှုကို ဒီကနေ့ ဇန်န၀ါရီ ၈ ရက်နေ့မှာ စတင် လုပ်ဆောင်နေတာဖြစ်ပြီး တပ်ဖွဲ့ရဲ့ မြို့သိမ်း၊ မြို့ထိန်း အစီအစဥ်အတွက် သာမက စစ်ကောင်စီက လူငယ်တွေကို အဓိကပစ်မှတ်ထားပြီး တပ်သားသစ်စုဆောင်းမှုတွေ ​ရှိနေတာကြောင့် လူငယ်တွေအတွက် ရွေးချယ်ခွင့် ပေးတာလည်း ဖြစ်တယ်လို့ ပြောပါတယ်။

“မြို့သိမ်းတိုက်ပွဲဖော်ဆောင်ဖို့လည်း တပ်သားအလုံအလောက်ရှိပြီးသားပါ။ မြို့တစ်မြို့သိမ်းပြီးရင် မြို့ထိန်းဖို့လည်း ရည်ရွယ်ပြီး လုပ်တာပါ။ အခုတလော စကစရဲ့ ပေါ်တာဆွဲတဲ့ဟာတွေ တော်တော်များများ ရှိလာတယ်ဗျ။ အဲဒီအတွက်လည်း လူငယ်တွေကို အမှန်တရားဘက် ရပ်တည်နိုင်ရေးအတွက် ရွေးချယ်ခွင့်ပေးလိုက်တာပါ “လို့ ကိုမိုက်ခဲက ပြောပါတယ်။

 

အခုခေါ်ယူမှုအတွက်  အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ သတ်မှတ်ထားပြီး ကျန်းမာသန်စွမ်းသူ အမျိုးသားဖြစ်တဲ့အပြင် တပ်ဖွဲ့နဲ့အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျဆုံးတဲ့အထိ တိုက်ပွဲဝင်နိုင်သူ၊ MBT တပ်ဖွဲ့က ချမှတ်ထားတဲ့ တပ်စည်းကမ်းတွေကို လိုက်နာပြီး တပ်ဖွဲ့က ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့  MBT တပ်ဖွဲ့က ဒီကနေ့မှာ ကြေညာထားပါတယ်။

 

သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီပြီး တာဝန်ထမ်းဆောင်လိုတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ အခြေခံစစ်ပညာ သင်တန်းပြီးဆုံးပါက မြေပြင်ချေမှုန်းရေး၊ ဒရုန်းစစ်ဆင်ရေး၊ မြေပြင်ထောက်ပို့နဲ့ ထုတ်လုပ်ရေးစတဲ့ နှစ်သက်ရာ တာဝန်ကို ထမ်းဆောင်နိုင်မယ်လို့ ဆိုထားပါတယ်။

 

တပ်ဖွဲ့၀င်သစ်တွေကို စိစစ်ခေါ်ယူမယ့် လုပ်ငန်းစဉ်တွေအတွက်တော့ အသေးစိတ် အသိပေးထားတာ မရှိသေးပါဘူး။

 

တပ်ဖွဲ့၀င်သစ်ခေါ်ယူရာမှာ လူဦးရေကန့်သတ်ချက်နဲ့ ဒေသ ကန့်သတ်တွေချက်တွေ မရှိဘူးလို့ဆိုပြီး လက်ရှိမှာ တပ်ဖွဲ့အနေနဲ့ စတစ်တကျ ပြန်လည်ဖွဲ့စည်းကာ မြို့သိမ်းဆင်နွှဲနိုင်ဖို့ ပြင်ဆင်နေတဲ့ အခြေနေတစ်ခုဖြစ်တာကြောင့် အမျိုးသမီး ရဲဘော်တွေကိုတော့ ခေါ်ယူဖို့မရှိသေးဘူးလို့ သိရပါတယ်။

 

တပ်ဖွဲ့အနေနဲ့ မြို့သိမ်းနိုင်ပြီး အုပ်ချုပ်ရေးအပိုင်းနဲ့  အမျိုးသမီးကဏ္ဍတွေရှိလာမယ့် အချိန်ကျရင်  စနစ်တကျပြင်ဆင်မှုတွေ ဆက်လက်ဆောင်ရွက်ပြီး ခေါ်ယူနိုင်မယ်လို့ ကိုမိုက်ခဲက ပြောပါတယ်။

 

MBT တပ်ဖွဲ့အနေနဲ့  ၀င်ရောက်လာမယ့် တပ်ဖွဲ့၀င်အသစ်တွေအတွက် ရိက္ခာပိုင်းဆိုင်ရာ ပြင်ဆင်မှုအတွက် စတင်ပြင်ဆင်နေပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

“စစ်အုပ်စုက စစ်ရှုံးလာတာနဲ့အမျှ တပ်သားအင်အားလိုအပ်လာတာနဲ့ သူတို့ပေါ်တာဆွဲတာခံပြီး ပြည်သူ့ဘက်ကို ပြောင်းပြန်လှည့်မလား ဒါမှမဟုတ် တော်လှန်ရေးတပ်တွေနဲ့ပေါင်းပြီး အမှန်တရားတစ်ခုအတွက်လာမလား။ ကျွန်တော်တို့အနေနဲ့ကတော့ လူငယ်တွေအနေနဲ့ ပြည်သူ့ဘက်ကို ရပ်တည်စေချင်တယ်လို့ ပြောချင်ပါတယ်။ အဲဒီအတွက်လည်း နွေးထွေးစွာကြိုဆိုနေပါတယ်” လို့လည်း  ကိုမိုက်ခဲက ပြောပါတယ်။

 

MBT တပ်ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်အတွင်းမှာ မန္တလေးတိုင်းနဲ့ မကွေးတိုင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေး မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး စစ်ဆင်ရေး ၄၂ ကြိမ် ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီ စစ်ဆင်ရေးတွေအတွင်း စစ်ကောင်စီတပ်သား ၂၀၀ ကျော် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်နိုင်ခဲ့တဲ့အပြင် လက်နက်ကြီး/ငယ် ၂၄ လက် သိမ်းဆည်းနိုင်ခဲ့ကာ စစ်ဆင်ရေးတွေအတွင်း တပ်ဖွဲ့၀င်ရဲဘော် နှစ်ဦး ကျဆုံးခဲ့ရတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – Myingyan Black Tiger (MBT)