ပန်းဘဲတန်းမှာ ရွှေဆိုင်ဓားပြတိုက်ခံရ၊ သိန်း ၅၀၀ အပြင် ရွှေပိဿာချီ ပါသွားလို့ဆို
ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ် လမ်း ၃၀ အလယ်ဘလောက်မှာ ဖွင့်လှစ်ထားတဲ့ ရွှေချစ်သူရတနာရွှေဆိုင်မှာ ဒီကနေ့ ဇန်နဝါရီလ ၈ ရက် မနက်ပိုင်းက ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၅၀၀ အပါအဝင် ရွှေထည်ပိဿာချီ ပါသွားတယ်လို့ အဲဒီမြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့ မနက်ပိုင်းရွှေဆိုင်ဖွင့်ချိန် ၉ နာရီခန့်မှာ လက်နက်ကိုင်အမျိုးသားသုံးဦး ဆိုင်အတွင်း ဝင်ရောက်ပြီး ဓားပြတိုက်သွားတာလို့ ပန်းဘဲတန်းမြို့နယ် လမ်း ၃၀ နေ အမျိုးသားတစ်ဦးက ပြောပါတယ်။
“မနက်က သူတို့ဆိုင်ဖွင့်နေတုန်းမှာပဲ ဖြစ်သွားတာ။ သုံးယောက်လို့ပြောကြတယ်။ သေနတ်လည်းပါလာတယ်တဲ့။ ပါသွားတဲ့တန်ဖိုးကတော့ ပြောနေကြတာတော့ သိန်း ၅၀၀ နဲ့ ရွှေတွေပါသွားတယ်လို့ ကြားရတယ်” လို့ သူက ပြောပါတယ်။
ဖြစ်စဉ်ဖြစ်တဲ့နေရာကို ပန်းဘဲတန်းရဲစခန်းက ရဲကားတစ်စီးနဲ့ ရောက်လာပြီး စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ရဲစခန်းကရောက်လာပြီး ရဲ လေးငါးယောက်တော့ စစ်နေတာပဲ။ မိတယ်လို့တော့ မကြားသေးဘူး” လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလတုန်းကလည်း လှိုင်မြို့နယ်မှာ ရွှေဆိုင်သိမ်းပြီး ပြန်လာတဲ့ကားကို လုယက်မှုဖြစ်လို့ ရွှေငါးပိဿာလောက် ပါသွားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Shwe Chit Thu’s Facebook