စစ်အုပ်စုထိုးစစ်ကြောင့် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့က ပြည်သူ ၈ ထောင်ကျော် စစ်ရှောင်နေရ

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့က ပြည်သူ ၈,၆၀၀ ကျော်ဟာ ပဋိပက္ခတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မနေ့ စက်တင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာနဲ့ မြေပြင်ထိုးစစ်တွေ လုပ်နေတာကြောင့် ဩဂုတ်လ ၁၈ ရက်ကနေ ၃၀ ရက်နေ့အတွင်း ပြည်သူ ၈ ထောင်ကျော် စစ်ဘေးရှောင်နေရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အုပ်စုဟာ ကျောက်မဲမြို့နယ်ထဲက စစ်ရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းတွေကို တိုက်ရိုက်ပစ်မှတ်ထားပြီး စက်တင်ဘာ ၆ ရက်နေ့အထိ နေ့စဉ်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ SHRF က ဆိုပါတယ်။
စစ်အုပ်စုရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကျောက်မဲမြို့နယ်မှာ အရပ်သား ၂၉ ဦး သေဆုံးပြီး ၆၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဆိုးရွားဆုံးဖြစ်ရပ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက စစ်ဘေးရှောင် ၃၀၀ ခန့် ခိုလှုံနေတဲ့ ကျောက်မဲမြို့နယ်၊ နောင်ပိန်ဒေသက ပင်တီးဘုန်းကြီးကျောင်းပေါ်ကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးတစ်လုံး တိုက်ရိုက်ကြဲချခဲ့တာကြောင့် အရပ်သား ၁၁ ဦး အစုလိုက်အပြုံလိုက် သေဆုံးပြီး ၃၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒီဖြစ်စဉ်အပြီး မကြာမီအချိန်မှာပဲ အနီးအနားက လုပ်ပါကျေးရွာကို စစ်အုပ်စုက နောက်ထပ် ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် နောင်ပိန်နဲ့ အနီးတစ်ဝိုက် ကျေးရွာက သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးငယ် အများစုအပါအဝင် အရပ်သား ၈ ထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေဟာ ကျောက်မဲမြို့ တောင်ပိုင်းမှာရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ထိန်းချုပ်နယ်မြေထဲက ကျေးရွာ ၄၀ ကျော်နဲ့ သီပေါမြို့ အရှေ့မြောက်ဘက်က ကျေးရွာတွေမှာ ထွက်ပြေးခိုလှုံနေကြရတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်အများစုဟာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပြီး သောက်သုံးရေ၊ အစားအသောက်၊ ဆေးဝါးနဲ့ အခြားအခြေခံလိုအပ်ချက်တွေ ပြတ်လပ်နေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အုပ်စုရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေဟာ ကျောက်မဲမြို့ရဲ့ အနောက်တောင်ဘက် ကီလိုမီတာ ၂၀ အကွာမှာရှိတဲ့ နောင်ပိန်ကျေးရွာအုပ်စုကို အဓိကပစ်မှတ်ထားခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ နောင်ချိုမြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုတပ်တွေက မူဆယ်-မန္တလေး ကားလမ်းပေါ်က TNLA တပ်ကို ရှင်းလင်းဖယ်ရှားနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ SHRF က ဆိုပါတယ်။
စစ်အုပ်စုဟာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း TNLA ထိန်းချုပ်နယ်မြေတွေအပါအဝင် သူတို့ လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်ရဖို့ အခုနှစ်ထဲမှာ လေကြောင်းရော မြေပြင်ကနေပါ အပြင်းအထန် ထိုးစစ်ဆင်နေတာပါ။
ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့ကနေ စက်တင်ဘာလ ၆ ရက်နေ့အထိကို စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ ကျောက်မဲနဲ့ သီပေါမြို့နယ်က အရပ်သား ၆၀ နီးပါး သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ SHRF ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – TNLA