မစားရတဲ့အမဲ ဗုံးနဲ့လိုက်ကြဲနေတဲ့ စစ်ကောင်စီ

Author လဂွန်းအိမ်
Categories
Published on Aug 07, 2024

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးအပါအဝင် မြို့တွေ ဆက်တိုက်အသိမ်းခံနေရတဲ့ စစ်ကောင်စီဟာ ရှုံးမဲမဲလို့နေပါတယ်။

 

လက်ရှိတိုက်ပွဲဖြစ်နေတဲ့ဒေသတွေကို လေယာဉ်၊ လက်နက်ကြီးတို့နဲ့ ဗုံးကြဲတိုက်ခိုက်တာတင်မဟုတ်ဘဲ ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးထဲ လက်လွှတ်ရပြီးသား လောက်ကိုင်၊ ကွတ်ခိုင်၊ နမ့်ဆန်၊ သိန္နီ၊ မြောက်ဦးမြို့တို့ကိုလည်း တိုက်ခိုက်နေတာပါ။

ဒါဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်တယ်လို့ ညီနောင်မဟာမိတ်သုံးဖော်က ကန့်ကွက်ရှုတ်ချစာ ယမန်နေ့ ဩဂုတ် ၆ ရက် ညပိုင်းက ထုတ်ပြန်ပါတယ်။

 

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကို ဇူလိုင် ၁၄ ရက်နေ့ကနေ ဩဂုတ်လ ၂ ရက်နေ့အထိ လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးအပါအဝင်ဖျက်အားပြင်းလက်နက်တွေနဲ့ လေးကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့လို့ ဆေးရုံ၊ ဟိုတယ်အပါအဝင် အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီက သိန္နီမြို့ကို ဇူလိုင်လ ၄ ရက်၊ ၁၈ ရက်၊ ၂၅ ရက်နဲ့ ၂၈ ရက်နေ့တို့မှာ တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၁၈ ရက် သိန္နီမြို့တွင်း နေရာလေးခုကို Y12 လေယာဉ်နဲ့ ဗုံးကြဲချမှုမှာ သိန္နီမြို့မဈေးအနီး ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား ၂၀ ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။

 

ဒါ့အပြင် ဇူလိုင် ၂၅ ရက်နေ့ တိုက်ခိုက်မှုမှာ လေယာဉ်ပေါ်ကနေ နေအိမ်တွေကို စက်သေနတ်နဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

အဲဒီနောက် တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားပြီး တည်ငြိမ်နေတဲ့ ကွတ်ခိုင်မြို့ကိုလည်း ဩဂုတ်လ ၅ ရက်နေ့က  လေကြောင်းကနေ လေးကြိမ်လာရောက်တိုက်ခိုက်ခဲ့ပါတယ်။

 

ဒါကြောင့် အရပ်သား ခြောက်ဦးအထိ သေဆုံးခဲ့ပြီး ဈေးဆိုင်ခန်း ၄၀၀ ကျော်နဲ့ အိမ် ဆယ်လုံးထက်မနည်း မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ TNLA က ဒီကနေ့ ဩဂုတ် ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

 

“မြို့မဈေးအနီးသွားနေတဲ့ ဆိုင်ကယ်နဲ့ အမျိုးသားသုံးဦးသေဆုံးခဲ့တယ်။ ဈေးအတွင်းမှာလည်း သေဆုံးသူတွေရှိတယ်။ တိုက်ပွဲဖြစ်တာမဟုတ်ဘဲ သူတို့ဘာသူတို့ ဗုံးလာကြဲသွားတာ” လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက CJ Platform ကို ပြောထားပါတယ်။

 

(မှတ်ချက်။ စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တဲ့ ဆိုင်ကယ်နဲ့ အမျိုးသားသုံးဦး Video File ကို CJ Platform ရဲ့ Telegram ချန်နယ်မှာကြည့်ရှုနိုင်ပါတယ် >>> https://t.me/cjplatform )

 

ဒါ့အပြင် ဩဂုတ်လ ၆ ရက်နေ့မှာ အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်(မြောက်ပိုင်း)ရှိ မြောက်ဦးမြို့တွင်းက FDA ရုံးအတွင်းသို့ လေယာဉ်နဲ့ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် အုတ်ဖိုကျေးရွာအနီးကိုလည်း ဂျက်ဖိုက်တာနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

 

အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ တိုက်ပွဲရှုံးတိုင်း ရှုံးမဲမဲကာ တိုက်ပွဲမဖြစ်တဲ့ မြို့ရွာတွေမှာရှိတဲ့ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ လူနေအိမ်တွေကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူတွေထိခိုက်သေဆုံးကာ ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့တယ်လို့ ညီနောင်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

 

ဒါကြောင့် ဒီလို စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို တရုတ်နိုင်ငံက အဓိကထားပြီး ဝိုင်းဝန်းတားဆီးဟန့်တားပေးဖို့နဲ့ နိုင်ငံတကာကိုလည်း တောင်းဆိုတိုက်တွန်းလိုက်တယ်လို့ မနေ့က ထုတ်ပြန်ချက်အတွင်း ထည့်သွင်းဖော်ပြထားပါတယ်။

 

ဓာတ်ပုံများ – MNDAA, TNLA