ဆီဆိုင်မြို့မှာ တိုက်ပွဲအပြင်းအထန်ပြန်ဖြစ်၊ လွယ်ဆောင်တိုက်ပွဲထဲ စစ်သား ၁၀ ဦးသေဆုံး မြို့တွင်း သူခိုးတွေထနေလို့ဆို

Published on Aug 07, 2024

ရှမ်းပြည်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်မှာ ဩဂုတ် ၆ ရက်မှစတင်ပြီး တစ်ကျော့ပြန်တိုက်ပွဲတွေ အပြင်းအထန်ပြန်ဖြစ်လာတယ်လို့ ဒေသခံတွေနဲ့ PNLA တို့ထံမှ သိရပါတယ်။

 

ဆီဆိုင်မြို့ အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာ လွယ်ဆောင်ကျေးရွာ(ဒေသအခေါ် လွယ်ထွယ်)မှာ စစ်ကောင်စီတပ်၊ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)၊ ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ယမန်နေ့ လွယ်ဆောင်ရွာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဆယ်ဦးသေဆုံးပြီး ဒရုန်း တစ်စင်းနဲ့ သေနတ် ဆယ်လက်လည်း သိမ်းဆည်းရမိခဲ့တယ်လို့ PNLA ထံမှ သိရပါတယ်။

 

စစ်ကောင်စီတပ်က ဩဂုတ်လ ၆ ရက်နေ့ ညက နောက်ကျောကျေးရွာအခြေစိုက် စစ်ကောင်စီ အမြှောက်တပ်ခွဲကနေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် မီးရယ်ရွာက စစ်ဘေးရှောင်နှစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ PNLA ရဲ့ သတင်းတာဝန်ခံ ခွန်ရိန်းယံက CJ Platform သို့ ပြောပါတယ်။

အဲဒီလို ဆီဆိုင်မြို့မှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပေါ်လာတာကြောင့် ဒေသခံတွေ စစ်ဘေးပြန်ရှောင်နေကြရပြီလို့ လက်ရှိစစ်ဘေးရှောင်နေတဲ့ အမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“မြို့နယ်ထဲက မြို့နဲ့အနီးအနားရွာမှာ ဖြစ်တာဆိုတော့၊ မြို့ကလည်း နဂိုကတည်းက လုံခြုံမှုအပြည့်အဝမရှိတော့ မြို့ပေါ်တွေကရော ပြေးကြ၊ ကြိုရှောင်ကြတာ။ ဖြစ်တာက လွယ်ဆောင်မှာ။ ကျွန်တော်တို့ အဝေးမပြေးနိုင်ဘူး။ စရိတ်မတတ်နိုင်ဘူး။ တောင်ကြီးပြေးဖို့ကလည်း စစ်ရှောင်တွေကို ထားဖို့နေရာရှိဦးမလားပဲ” လို့ ၎င်းက ပြောပါတယ်။

 

အခုလို ဆီဆိုင်မြို့၊ အောင်သပြေရပ်ကွက်အနီးက လွယ်ဆောင်ရွာမှာ တိုက်ပွဲတွေဖြစ်ပွားနေလို့ ပြီးခဲ့တဲ့ရက်ပိုင်းက တိမ်းရှောင်ခဲ့တဲ့ မြို့ခံတချို့ ပြန်လည်ဝင်ရောက်နေပြီဖြစ်ပေမဲ့ မသမာသူ သူခိုးတွေက မြို့မငြိမ်သက်အောင် အသံလွှင့်နေတာဖြစ်တယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

“တချို့ကလည်း ပြန်တော့ဝင်လာနေကြပါပြီ။ မြို့ထဲမှာတော့ ငြိမ်ပါတယ်။ ခုက တော်လှန်ရေးဘက်ကလိုလိုနဲ့ သူခိုးတွေက သောင်းကျန်းနေတာ” လို့ ၎င်းက ပြောပါတယ်။

 

လက်ရှိ ဆီဆိုင်မြို့အတွင်း သူခိုးများထနေပြီး ယမန်နေ့က‌ မြို့အတွင်း သူခိုး ၁၃ ဦးဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

သူခိုးတွေဟာ ပြင်ပဈေးကွက်အတွင်း တစ်ခွေ ကျပ်သုံးသိန်းနီးပါးဈေးရှိတဲ့ ဓာတ်ကြိုး၊ Service ကြိုးများကို ဖြုတ်ခိုးနေကြတယ်လို့ စစ်ကောင်စီလက်အောက်ခံနဲ့ ရင်းနှီးသူက ပြောပါတယ်။

 

ဩဂုတ်လ ၃ ရက်နေ့မှာ နောင်ကျောရွာက စစ်ကောင်စီအမြှောက်တပ်ခွဲကနေ PNLA ရုံးချုပ်တည်ရှိရာ မောက်မယ်မြို့နယ်အတွင်းသို့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နောက်ထပ်ဆီဆိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

 

“(ဩဂုတ်)၃ ရက်နေ့က ပစ်တော့ ဝင်လာကြပြီဆိုတော့ ၄ ရက်နေ့မှာ ရှောင်လိုက်သေးတယ်။ တစ်ညအိပ်ပြီး မြို့ထဲပြန်ဝင်။ ခုတစ်ခါ ၆ ရက်နေ့ ပြန်ဖြစ်တော့ တစ်ခါပြန်ထွက်။ ဝင်လိုက်ထွက်လိုက်ပါပဲ။ ခုတော့မြို့ထဲမှာ ပြန်ဝင်နေကြတယ်။ မြို့ပေါ်မှာ ဘာမှမဖြစ်ဘူးဆိုတော့ ပြန်လာကြတာပေါ့” လို့ ၎င်းက ပြောပါတယ်။

 

ဒါ့အပြင် မြို့တွင်း တစ်ကျော့ပြန်တိုက်ပွဲတွေနဲ့အတူ စက်သုံးဆီပြတ်လပ်မှုတွေဖြစ်ပေါ်နေပြီး ဓာတ်ဆီတစ်လီတာတစ်ဘူး ငါးထောင်ကျပ်အထက်ပေါက်နေတယ်လို့ မြို့ခံများထံမှ သိရပါတယ်။

 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့ကပြောကြားခဲ့တဲ့မိန့်ခွန်းထဲ ကရင်နီ(ကယား)ပြည်က လွိုင်ကော်မြို့နဲ့ ရှမ်းတောင်က ဆီဆိုင်တို့ကို ပြန်လည်ထိန်းချုပ်ထားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီလို့ ပြောကြားသွားပါတယ်။

 

အဲဒီလိုပြောကြားပြီး ၂ ရက်အကြာမှာပဲ ဆီဆိုင်မြို့နယ်တစ်ဝိုက်မှာ တိုက်ပွဲတွေ တစ်ကျော့ပြန် ပြင်းထန်လာတာပဲဖြစ်ပါတယ်။

 

စစ်ကောင်စီတပ်နဲ့ NCA စာချုပ် လက်မှတ်ထိုးထားတဲ့ PNLA ဟာ ယခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့မှာ ပအိုးဝ်တပ်ရဲ့ လက်နက်ယာဉ်တန်းကို စစ်တပ်နဲ့ PNA တပ်တွေက ပစ်ခတ်ဖမ်းဆီးရာကနေ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။

 

အဲဒီနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ မတ်လအထိ ဖြစ်ပွားခဲ့ပြီးနောက် မတ်လနောက်ဆုံးပတ်ထဲမှာ PNLA တပ်တွေ နောက်ဆုတ်သွားပြီးနောက် စစ်ကောင်စီဘက်က ပြန်လည်စိုးမိုးထားခဲ့တာပါ။

 

စစ်ကောင်စီက မေလ ၁ ရက်နေ့မှာ ဆီဆိုင်ဒေသခံတွေကို နေရပ်ပြန်လည်နေထိုင်လို့ ရပြီဖြစ်ကြောင်းကြေညာခဲ့ပေမဲ့ စစ်ကျန် မြေမြုပ်မိုင်းနဲ့ နင်းမိုင်းတွေကို မရှင်းလင်းပေးလို့ လူတစ်ဒါဇင်နီးပါး မိုင်းကြောင့် ခြေပြတ်လက်ပြတ်ခြင်းနဲ့အတူ အသက်ဆုံးရှုံးခဲ့ရတာတွေလည်း ရှိခဲ့တယ်လို့ မြို့ခံများထံမှ သိရပါတယ်။

 

ဓာတ်ပုံ- ပေးပို့