ရန်ကုန်မှာ စားသုံးဆီတန်းစီစဉ် ခိုက်ရန်ဖြစ်ပွား

Author ကိုထက်
Categories
Published on Aug 07, 2024

ရန်ကုန်မြို့ မရမ်းကုန်းနဲ့ လှိုင်မြို့နယ်တို့မှာ ယမန်နေ့က စားဆီတန်းစီဝယ်ယူရာမှာ တန်းစီစောင့်ဆိုင်းရင်း ခိုက်ရန်ဖြစ်ပွားမှုတွေရှိခဲ့တယ်လို့ မျက်မြင်ဆီတန်းစီဝယ်ယူသူတွေဆီက သိရပါတယ်။

 

မရမ်းကုန်း၊ လှိုင်စတဲ့မြို့နယ်တို့က စားဆီကိုယ်စားလှယ်ဆိုင်ရှေ့တွေမှာ တန်းစီစောင့်ဆိုင်းနေသူအချင်းချင်း နေရာလုတဲ့ပြဿနာကြောင့် ခိုက်ရန်ဖြစ်ပွားပြီး လူအုပ်ပိတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

 

“မနေ့ကသမိုင်းထဲမှာ သွားတန်းစီရတာ။ အဲဒီမှာ ရန်တွေဖြစ်ကြတယ်။ လူကလည်းများတယ်။ နေရာကြားဖြတ်တာ၊ မဖြတ်တာကနေစပြီး စကားများကြရင်း လက်ပါခြေပါတွေဖြစ်ကုန်ကြတာ။ လူများတော့ လူအုပ်ပိတာတွေဘာတွေရှိတယ်။ တချို့ကလည်း ကလေးတွေပါခေါ်လာတော့ ကလေးတွေ မူးမိုက်တာတွေတော့ရှိတယ်” လို့ လှိုင်မြို့နယ်က စားဆီသွားရောက်တန်းစီသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အခုလို ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် ကိုယ်စားလှယ်ဆိုင်တွေအနေနဲ့လည်း ဆက်မရောင်းတော့ဘဲ ပိတ်လိုက်ရတဲ့အခြေအနေတွေ ရှိခဲ့တယ်လို့ စားဆီကိုယ်စားလှယ်ဆိုင်ရှင်တွေက ပြောပါတယ်။

 

“ဆိုင်ရှေ့မှာ အခုလိုတွေဖြစ်တော့ ကျွန်မတို့လည်း ဆက်ပြီး မရောင်းရဲတော့ဘူး။ ဆီက တစ်နေ့ကို နှစ်ပေပါပဲချပေးတာ။ အဲဒါကုန်ပြီဆို ဖြတ်လိုက်ရတာပဲလေ။ တန်းစီတာကလည်း စည်းကမ်းရှိရှိလေးစီစေချင်တယ်။ အကုန်ရစေချင်လို့ပါ” လို့ မရမ်းကုန်းမြို့နယ်က စားဆီကိုယ်စားလှယ်ယူရောင်းနေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီရဲ့ နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် လက်ရှိမှာ စားဆီတန်းစီဝယ်ယူရမှု ပိုမိုဆိုးရွားလာနေပြီး အလှည့်ရောက်မှ ဆီပြတ်သွားတာတွေလည်း ကြုံနေရတယ်လို့ ရန်ကုန်မြို့ခံများထံမှ သိရပါတယ်။

 

စားသုံးဆီဝယ်ယူရဖို့ ရပ်ကွက်လူကြီးက လိုက်ဝေတဲ့ ဆီဝယ်ယူခွင့်ကတ်တစ်ကတ် ၅၀ ကျပ်သားကို ကျပ် ၃၂၀၀ နဲ့ ကိုယ်စားလှယ်ဆိုင်တွေမှာ တန်းစီဝယ်ယူနေရတယ်လို့ သိရပါတယ်။

 

လက်ရှိ စစ်ကောင်စီဩဇာခံ မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်အသင်းက ရည်ညွှန်းလက်ကားဈေးဟာ စားဆီတစ်ပိဿာ ၅၇၈၀ ကျပ်ဖြစ်ပေမဲ့ ပြင်ပလက်လီဈေးကတော့ တစ်ပိဿာကို ၁၅,၀၀၀ ကျပ်အထိ မြင့်တက်နေတယ်လို့ စားသုံးသူများထံမှ သိရပါတယ်။

 

ယခုနှစ် ဇူလိုင် ၃၁ ရက်ကစတင်ပြီး ရန်ကုန်နဲ့ နေပြည်တော်တို့မှာ ဆီကုန်သည်အသင်းက တစ်အိမ်ထောင် နှစ်ပိသာနှုန်းနဲ့ အိမ်တိုက်ရာရောက်ရောင်းချပေးနေပြီး တစ်ပိသာကို ၇၇၀၀ ကျပ် ဖြစ်တယ်လို့ ဇူလိုင် ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

 

ယခုနှစ် ဇွန်လအတွင်း စက်သုံးဆီပြတ်လပ်မှုပြန်လည်ဖြစ်ပေါ်လာခဲ့ပြီးနောက် ရန်ကုန်နဲ့ မြို့ကြီးတွေအပါအဝင် နိုင်ငံတဝန်း ပြည်သူတွေ အခက်တွေနေကြရပါတယ်။

 

သတင်းနဲ့ ဓာတ်ပုံ – ကိုထက်