ရွှေဘို တက္ကသိုလ်အနီး အဓမ္ဓဆပ်ကြေးကောက်နေတဲ့ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်မှု တစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

Author မင်းထက်
Categories
Published on Jun 07, 2024

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ တက္ကသိုလ်ကျောင်းရှေ့မှာ အထိုင်ချတပ်ဆွဲပြီး ပြည်သူတွေဆီက မတရားဆပ်ကြေးကောက်ခံနေတဲ့ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးတဲ့အပြင် ငါးဦးဒဏ်ရာရခဲ့တယ်လို့ နယ်စည်းမခြားရွှေဘိုသား(Local PDF)က ထုတ်ပြန်ပါတယ်။

 

“ပြည်သူတွေဆီက မတရားဆပ်ကြေးကောက်နေတဲ့ စကစတပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ” လို့ နယ်စည်းမခြားရွှေဘိုသား(Local PDF)တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

အင်အား ၃၀ ခန့်ရှိတဲ့ အဲဒီစစ်ကောင်စီဂိတ်ကို ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်က Fix Wings ဒရုန်း အသုံးပြုကာ ဗုံးသီး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာမှာ ပစ်မှတ်ကို တည့်တည့်ထိမှန်ခဲ့တယ်လို့ အဲဒီအဖွဲ့က ဒီနေ့ ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

 

အဲဒီလို တိုက်ခိုက်ခံရအပြီး စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ကြတယ်လို့ အဲဒီတာဝန်ရှိသူ ဆက်ပြောပါတယ်။

 

အဆိုပါတိုက်ခိုက်မှုကို နယ်စည်းမခြားရွှေဘိုသား(Local PDF)Fix Wings Drone တပ်ဖွဲ့နဲ့အတူ Black Wolf တပ်ဖွဲ့၊ မတစ်ထောင်တစ်ကောင်ဘွားတပ်ဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်းအမှတ် ၁၅ တပ်ရင်း၊  ကြောင်လက်သည်း(ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

 

ရုပ်သံ – နယ်စည်းမခြားရွှေဘိုသား(Local PDF)