မတူပီ မြို့သိမ်းတိုက်ပွဲ သတင်းကြောင့် မြို့ခံ ထောင်နဲ့ချီ စွန့်ခွာ စစ်ကောင်စီတပ်တွေ ခံစစ်ပြင်ထား

Author CJ Platform
Categories
Published on Jun 07, 2024

ချင်းပြည်၊ မတူပီမြို့မှာ ချင်းတော်လှန်ရေးတပ်တွေရဲ့ စစ်ကောင်စီအပေါ် မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် မြို့ခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတာဟာ ထောင်နဲ့ချီ ရှိနေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစလို့ မတူပီမြို့မှာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မယ်လို့ မြို့ထဲသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတဲ့အတွက် စတင်တိမ်းရှောင်လာရာကနေ တစတစ များပြားလာခဲ့တာဖြစ်တယ်လို့ အဲဒီက ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

“အဓိက ထွက်ပြေးကြတာ မြို့ထဲက လူတွေပါ။ အခုရက်ပိုင်း လူတွေ ထွက်ပြေးတာ ပိုများလာတယ်။ မြို့ထဲလည်း လူတွေ မရှိသလောက် ခြောက်ကပ်နေပြီ။ သတင်းတွေကလည်း မြို့သိမ်းတိုက်ပွဲတွေ လာတော့မယ်။ စခန်းသိမ်းတိုက်ပွဲတွေ လုပ်တော့မယ်လို့ တောက်လျှောက်ဖြန့်နေတယ်” လို့ သူက ဆိုပါတယ်။

 

ထွက်ပြေးတိမ်းရှောင်ကြတဲ့ ပြည်သူတွေဟာ တိုက်ပွဲလွတ်ရာ ပြည်တွင်းဒေသတွေနဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ကား၊ ဆိုင်ကယ်တွေ ငှားရမ်းပြီး ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို ဒေသခံတွေ ထွက်ပြေးတာကို အခွင့်ကောင်းယူပြီး မတူပီမြို့ပေါ်က ပြည်သူတွေရဲ့ ဈေးဆိုင်တွေ၊ နေအိမ်တွေကို စစ်ကောင်စီတပ်က ဖောက်ထွင်းပြီး တန်ဖိုးရှိ ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ကြတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

“ဈေးတွေထဲက စားစရာတွေကို စစ်တပ်က စိတ်ကြိုက် ကားတွေနဲ့ သယ်ကြပြီး တပ်ထဲကို ယူသွားကြတယ်။ ပြီးတော့ ရပ်ကွက်ထဲက အိမ်တွေပေါ်တက်ပြီး တန်ဖိုးရှိ ပစ္စည်းတွေကိုလည်း ခိုးယူကြတယ်” လို့ မျက်မြင်တွေ့ခဲ့ရသူ ၎င်းက ပြောပါတယ်။

 

ဒါ့အပြင် မြို့ထဲမှာ လူနည်းစု ကျန်ရစ်တဲ့ ဒေသခံအချို့ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

 

လက်ရှိ မတူပီမြို့အခြေစိုက် စစ်ကောင်စီ ခလရ ၁၄၀ နဲ့ ၃၀၄ တပ်ရင်းတို့ဟာ ချင်းတော်လှန်ရေးတပ်တွေရဲ့ မြို့သိမ်းတိုက်ပွဲသတင်းကြောင့် ခံစစ်အသွင်ပြင်ဆင်ထားပြီး မြို့ထဲက တိုက်အမြင့်တွေမှာ နေရာယူထားကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေကဆီကနေ သိရပါတယ်။

 

မတူပီမြို့နဲ့ အနီးတဝိုက်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ(CDF-Matupi)နဲ့ စစ်ကောင်စီတပ်တွေကြား  မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်ဆိုတဲ့သတင်းကြောင်း စစ်ရေးတင်းမာနေကြတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ