ယင်းမာပင်တပ်ကပေးတဲ့ စခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်မယ့် တပ်တွင်းသင်တန်း ပြီးစီး

Author မင်းထက်
Categories
Published on Jun 07, 2024

မြေပြင်မှာ စခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်နိုင်ဖို့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်တပ်ရင်း ၂၇၊ တပ်ခွဲ ၁၊ အမိမြေတော်လှန်ရေးတပ်ဖွဲ့ကပေးတဲ့ တစ်လကျော်ကြာ တပ်တွင်းစစ်ရေးလေ့ကျင့်မှု ပြီးဆုံးသွားခဲ့ပြီဖြစ်တယ်လို့ အဲဒီတပ်ဖွဲ့ဆီကနေ သိရပါတယ်။

 

ယင်းမာပင်ခရိုင်အတွင်းမှာ မေလအစပိုင်းကစတင်ပြီး ဇွန်လအထိ တစ်လကျော်ကြာ အချိန်ယူပြီး စစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့တာလို့ အဲဒီအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

 

“စကစ စစ်ကြောင်းမရှိတဲ့ကာလတွေမှာ တပ်တွင်း စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်တာပါဗျ။ လေ့ကျင့်ရေးလုပ်ဆောင်ရာမှာ စစ်ရေးဆိုင်ရာ လေ့လာမှုစာအုပ်တွေ၊ သင်တန်းဆရာတွေနဲ့ သင်ခန်းစာတွေနဲ့အတူ CDM စစ်သားရဲ့အတွေ့အကြုံ သင်ခန်းစာတွေ ပါဝင်ပါတယ်” လို့ အမိမြေတော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

စစ်ရေးလေ့ကျင့်ရာမှာ အမိမြေတော်လှန်ရေးတပ်ဖွဲ့ရဲ့ ရဲဘော်သစ်တွေအပါအဝင် ရဲဘော် ၅၀ ဦး ပါဝင်တက်ရောက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

 

မြေပြင်မှာ စခန်းသိမ်းတိုက်ပွဲများဖော်ဆောင်နိုင်ရန် စစ်ချီတက်ပုံ၊ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ပုံ စတဲ့စစ်ရေးလေ့ကျင့်မှုတွေကို စနစ်တကျ ဆက်တိုက်လေ့ကျင့်ခဲ့ပြီး မြေပြင်တိုက်ပွဲတွေကို ဆက်လက်ဖော်ဆောင်သွားမယ်လို့ သင်တန်းသားတွေက ကြုံးဝါးပြောဆိုပါတယ်။

 

လက်တွေ့ဖော်ဆောင်နိုင်ဖို့ လက်နက်ခဲယမ်းတွေဖြည့်တင်းရန် လိုအပ်နေတာကြောင့် ပြည်တွင်း/ပြည်ပမှ မိဘပြည်သူတွေနဲ့ ထောက်ပို့ရဲဘော်တွေအနေနဲ့ ကူညီပေးကြပါရန် အမိမြေတော်လှန်ရေးတပ်ဖွဲ့က တောင်းဆိုပါတယ်။

 

လက်ရှိ အမိမြေတပ်ဖွဲ့ဟာ ကျည် ၂၀ဝ၀ ကမ်ပိန်းပြုလုပ်နေရာမှာ မပြည့်မီသေးတဲ့အတွက် ရက်ထပ်တိုးထားတယ်လို့ အဲဒီတပ်ဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

 

အမိမြေတော်လှန်ရေးတပ်ဖွဲ့ကို တည်ထောင်ခဲ့တာ ၃ နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး တိုက်ပွဲပေါင်း ၁၀ဝ ကျော်နဲ့ စခန်းသိမ်းတိုက်ပွဲ ၅ ခုကို မဟာမိတ်တပ်တွေနဲ့အတူ ဖော်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

ရုပ်သံ – အမိမြေတော်လှန်ရေးတပ်ဖွဲ့