နမ္မတူမြို့မှာ စိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်း ပထမဆုံးဖွင့်လှစ်၊ မြေပြန့်ဒေသအထိ တင်ပို့ရောင်းချနိုင်အောင်လုပ်ဖို့ PSLF/TNLA အကြီးအကဲဆို

Author CJ Platform
Categories
Published on Jun 07, 2024

စစ်ကောင်စီတပ်သား ကင်းစင်ဒေသ ရှမ်းပြည်(မြောက်ပိုင်း)၊ တအောင်းဒေသ၊ နမ္မတူမြို့မှာ ပလောင်အမျိုးသားများလွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)က ပထမဆုံးအပတ်စဉ်အဖြစ် စိုက်ပျိုးမွေးမြူ‌ရေးသင်တန်းကျောင်း(TAI)ကို ဇွန်လ ၆ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။

 

လူထုအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဒေသခံပြည်သူလူထုနဲ့အတူ ပိုမိုလက်တွေ့ကျကျ အကောင်အထည်ဖော်ပူးပေါင်းဆောင်ရွက်နေတယ်လို့ PSLF/TNLA အကြီးအကဲတွေက ပြောကြားပြီးနောက် အခုလို အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းတွေကို တိုးချဲ့ဖွင့်လှစ်လာတာဖြစ်ပါတယ်။

 

အဆိုပါသင်တန်းကျောင်းဖွင့်ပွဲကို တက်ရောက်လာတဲ့ PSLF/TNLA ရဲ့ ဒုဥက္ကဋ္ဌ-၁ ဒုဗိုလ်ချုပ်ကြီး တားဇိုက်ဇာရ်က “စိုက်ပျိုးရေးကို နည်းပညာနဲ့ စနစ်တကျအသုံးပြုပြီး အထွက်နှုန်းပိုမိုကောင်းမွန်‌အောင်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေအောင်၊ ဒေသထွက်ထုတ်ကုန်တွေကို မြေပြန့်ဒေသအထိ တင်ပို့နိုင်စေဖို့ ကြိုးစားဆောင်ရွက်သွားရမယ်” လို့ တိုက်တွန်းပြောကြားပါတယ်။

 

ကျောင်းသား/သူ ၄၃ ဦး တက်ရောက်မယ့် Ta’ang Agricultural Institute(TAI) အပတ်စဉ် (၁) သင်တန်းကျောင်းမှာ စိုက်ပျိုရေးဘာသာရပ်(၇)ခုနဲ့‌ အခြားပညာရပ်ဆိုင်ရာဘာသာရပ်(၅)ခုတို့ကို ကာလ ၂ နှစ်နဲ့ သုံးလကြာသင်ကြားပေးသွားမှာဖြစ်ပြီး ဒီပလိုမာဘွဲ့ ပေးအပ်ချီးမြှင့်သွားမှာဖြစ်တယ်လို့ PSLF/TNLA က ဆိုပါတယ်။

 

အခု TAI မှာ အခြေခံပညာအထက်တန်း G12 အောင်မြင်ပြီးသူတွေ တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

 

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ဟာ စစ်ကောင်စီဆီကနေ နမ္မတူမြို့အပါအဝင် နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံ စတဲ့ မြို့ ခုနစ်ခုကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

 

အခုဆိုရင် အဲဒီမြို့နယ်တွေမှာ ပြည်သူ့အုပ်ချုပ်ရေးစနစ်ကို PSLF/TNLA က ဖော်ဆောင်နေပြီး  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်နေသလို ပညာရပ်ဆိုင်ရာသင်တန်းကျောင်းတွေအပါအဝင် တရားဥပဒေစိုးမိုးရေးသင်တန်းတွေကိုပါ ဆက်တိုက်ဆိုသလို သင်ကြားပို့ချနေပါတယ်။

 

လဂွန်းအိမ်

 

ဓာတ်ပုံ – PSLF/TNLA