မန်းမီးလောင်မှုမှာ ဦးဆောင်မီးငြှိမ်းသူ စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ထပ်မံသေဆုံး စုစုပေါင်းသေဆုံးသူ ခြောက်ဦးထိရှိလာ

Author CJ Platform
Categories
Published on Jun 07, 2024

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က လျှပ်စစ်နဲ့ မီးဖိုချောင်သုံးအရောင်းဆိုင်မှာ ဂက်စ်အိုးလှယ်ရင်း ပေါက်ကွဲမီးလောင်တဲ့ဖြစ်စဉ်ရဲ့ မီးလောင်လူနာတွေထဲက အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဒီနေ့ ဇွန် ၇ရက် မနက် ၃နာရီခန့်မှာ ထပ်မံသေဆုံးသွားတဲ့အတွက် စုစုပေါင်း သေဆုံးသူ ခြောက်ဦးအထိရှိလာခဲ့ပြီဖြစ် တယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

အဲဒီမီးလောင်မှုကြောင့် အမျိုးသားကိုးဦးနဲ့ အမျိုးသမီးခြောက်ဦး စုစုပေါင်း (၁၅)ဦး မီးလောင်ဒဏ်ရာတွေရခဲ့ကြတဲ့အတွက် မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေကြရင်း အခုလို သေဆုံးခဲ့တာဖြစ်ပါတယ်။

 

သူတို့တွေထဲက အမျိုးသားတစ်ဦးဟာ မီးလောင်ခဲ့တဲ့ မေလ ၃၁ ရက် ညပိုင်းမှာ သေဆုံးခဲ့ပါတယ်။ ဆက်လက်ပြီး နောက်နေ့ ဇွန် ၁ ရက်မှာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို တစ်ရက်ပဲခြားပြီး ဇွန် ၃ ရက်မှာ အမျိုးသားတစ်ဦး၊ ဇွန် ၄ ရက်မှာ နောက်ထပ် အမျိုးသားတစ်ဦး၊ ဇွန် ၅ရက်က ဂက်စ်ဆိုင် ဝန်ထမ်းလူငယ်တစ်ဦးသေဆုံးမှုနဲ့ ဒီနေ့ ဇွန် ၇ရက်မှာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ထပ်မံသေဆုံးခဲ့ တာဖြစ်ပါတယ်။

“အဲ့မီးလောင်တဲ့ဝန်းကိုကယ်တာ ကိုပေတူးပဲ။ မဟုတ်ရင် တဝန်းလုံးလောင်မှာ ဂက်စ်အိုးကို သူအရင်သွားပြီး စငြှိမ်းခဲ့တာ။ သူအရင်ဆုံးထိတာပါပဲ” လို့ မန္တလေးမီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

ကိုပေတူးဟာ အောင်နန်းရိပ်သာအရှေ့အရန်မီးသတ်စခန်းက ပရဟိတသမား စေတနာ့ဝန်ထမ်း အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အခုလို မီးလောင်ပြင်မှာ တာဝန်ထမ်းရင်းဖြစ်သွားတာဆိုတော့ စိတ်မကောင်းဖြစ်သလို သူ့အတွက်ဂုဏ်ယူပါတယ်လို့လည်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

 

 

 

မီးလောင်ဒဏ်ရာကြောင့် သေဆုံးသွားသူတွေမှာ ဦးသိန်းစိုး(၅၂)နှစ်၊ ဒေါ်မြမြဝင်း(၅၉)နှစ်၊ ဦးအေးထွန်း(၃၇)နှစ်၊ ဦးမြအောင်(၇၀)နှစ်၊ မောင်စစ်ငြိမ်းနိုင်(၁၉)နှစ်နဲ့ မီးသတ်တပ်ဖွဲ့ဝင် ကိုပေတူး(ခ)ကိုတင့်ခိုင်(၄၅)နှစ်တို့ဖြစ်တယ်လို့ သိရပါတယ်။

 

အဲဒီမီးလောင်မှုနဲ့ပတ်သက်လို့ မီးလောင်မှု စတင်ဖြစ်ပွားခဲ့တဲ့ ချမ်းအေးသာစံမြို့နယ် ၈၁လမ်းနဲ့ ၈၂လမ်း၊ ၃၁လမ်းနဲ့ ၃၂ လမ်းကြားက လျှပ်စစ်နဲ့ မီးဖိုချောင်သုံးအရောင်းဆိုင်က ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာတို့ နှစ်ဦးကို အမှတ်(၈)မြို့မရဲစခန်းက (ပ-၉၀/၂၀၂၄)၊ ပုဒ်မ (၂၈၅)၊ (၃၃၇/၃၃၈)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ- Than Htay၊ Zawlinhtun