စစ်ခေါင်းဆောင်ကို ပေးဖူးတဲ့ဘွဲ့ မဘသအစွန်းရောက် ပျူဘုန်းကြီးအပါအဝင် ဘုန်းကြီးနှစ်ပါးကို YMBA ဘွဲ့ပေး

Author မင်းထက်
Categories
Published on May 07, 2024

စစ်ကိုင်းတိုင်း၊ ကန့်ဘလူဒေသ ပျူစောထီးခေါင်းဆောင် ဘုန်းကြီး ဦးဝါသဝအပါအဝင် မဘသဘုန်းကြီးနှစ်ပါးကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)က ‘မင်္ဂလဓမ္မဇောတိကဓဇ’ ဘွဲ့တံဆိပ် ပေးအပ်ကြောင်း သူတို့လူမှုကွန်ရက်ကနေ ကြေညာထားပါတယ်။

 

ဒီဘွဲ့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် မဘသ အစွန်းရောက် ဘုန်းကြီးဖြစ်တဲ့ ဦးဝီရသူနဲ့ ဇွဲကပင်ဆရာတော် ဘဒ္ဒန္တ ကဝိဓဇတို့ကိုလည်း YMBA က ပေးအပ်ထားတာပါ။

 

အခုတော့ စစ်ခေါင်းဆောင်နဲ့ ဦးဝီရသူတို့လိုပဲ အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို စွမ်းစွမ်းတမံသယ်ပိုးလို့ မဘသ ဘုန်းကြီးနှစ်ပါးဖြစ်တဲ့ ဘဒ္ဒန္တဝါသဝနဲ့ ရှေးဟောင်း အောင်းကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာသာမိတို့ကို ‘မင်္ဂလ ဓမ္မဇောတိကဓဇ’ ဘွဲ့တံဆိပ် မေလ ၅ ရက်နေ့က ရန်ကုန်မြို့၊ အမှတ် ၇၇၊ ရေကျော်လမ်းပေါ်က YMBA ရုံးမှာ ပေးအပ်ခဲ့တာဖြစ်တယ်လို့ YMBA က ဆိုပါတယ်။

 

မဘသ ၅၅၀ ဆရာတော် ဦးဝါသဝဟာ ကန့်ဘလူနယ်နဲ့ အနီးတဝိုက်ကကျေးရွာနေ ပြည်သူတွေကို စစ်ကောင်စီအားပေးထောက်ခံဖို့ စည်းရုံးတာ၊ ပျူစောထီးအဖွဲ့ထဲဝင်ဖို့ ဖိအားပေးခြိမ်းခြောက်တာ၊ စစ်တပ်လော်ဘီ Myanmar National Post သတင်းဌာနကပြုလုပ်တဲ့ PDF မုန်းတီးရေး၊ စစ်တပ်အားပေးထောက်ခံရေး စကားဝိုင်းတွေမှာ ပါဝင်ဆွေးနွေးတာမျိုးတွေနဲ့အတူ စစ်တပ်ကောင်းကြောင်း ဝါဒဖြန့်နေတဲ့ ဘုန်းကြီးတစ်ပါးဖြစ်ပါတယ်။

 

ရဟန်းကျင့်ဝတ်နဲ့မညီတဲ့ သူကိုယ်တိုင် ပျူစောထီး ဦးဆောင်စစ်သင်တန်းပေးသလို သူတို့ကို မထောက်ခံတဲ့ ဒေသခံပြည်သူတွေကို မတရားဖမ်းဆီးညှင်းပမ်းနှိပ်စက်တာမျိုး၊ ပျူစောထီးတပ်ဖွဲ့ဝင်အဖြစ် စစ်သင်တန်းမတက်သူတွေကို လစဉ် ဒဏ်ငွေကောက်ခံတာမျိုး၊ ထွက်ပြေးတိမ်းရှောင်သူတွေရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာမျိုးအထိ လုပ်ဆောင်နေတဲ့ ဘုန်းကြီးတစ်ပါးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

စစ်ကိုင်းတိုင်းထဲ စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ PDF တွေနဲ့ ဒေသတွင်းကာကွယ်ရေးတပ်တွေကို နှိမ်နင်းဖို့ ပျူခေါင်းဆောင် ဘုန်းကြီးက ကိုယ်တိုင် စီစဉ်ညွှန်ကြားမှုတွေ လုပ်ဆောင်နေပြီး ဖမ်းဆီးရမိသူတွေကို နှိပ်စက်ညှင်းပန်းမှုတွေ လုပ်ဆောင်နေတာပါ။

 

၅၅၀ ဘုန်းကြီးဟာ သူ့ရဲ့ပျူစောထီးအဖွဲ့ကို ကျေးရွာကာကွယ်ရေးအတွက်လို့ ပြောပြီး ဖွဲ့စည်းခဲ့ပေမဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေထဲ သူ့အဖွဲ့ဝင်တွေကို ထည့်ပေးတာအပြင် ဒေသခံတွေကို သတ်ဖြတ်၊ နေအိမ်မီးရှို့တာမျိုးတွေအထိ လုပ်ဆောင်စေခဲ့ပါတယ်။

 

ဒီလိုဘုန်းကြီးတစ်ပါးကို စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ YMBA က ဗုဒ္ဓဘာသာ ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်တဲ့ ‘မင်္ဂလ ဓမ္မဇောတိကဓဇ’ ဘွဲ့တံဆိပ်ကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။ သူနဲ့အတူ ရှေးဟောင်း အောင်းကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပညာသာမိကိုလည်း ပေးအပ်ခဲ့ပါတယ်။

 

နှစ်ပေါင်း ၁၀ဝ ကျော်သက်တမ်းရှိ YMBA ဟာ ပညာ သိက္ခာသမာဓိ ပြည့်စုံတဲ့ ရှေးမြန်မာကြီးများက မြန်မာတွေရဲ့ အကျိုးစီးပွား၊ ဗုဒ္ဓသာသနာအကျိုးစီးပွားတိုးတက်ဖြစ်ထွန်းစေရေး ရည်ရွယ်ဖွဲ့စည်းခဲ့ကြတာပါ။

 

သို့ပေမဲ့ လက်ရှိ YMBA ဥက္ကဋ္ဌ ဦးရဲထွန်းအပါအဝင် တာဝန်ရှိသူတွေဟာ ပြည်သူကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်နေတဲ့ အာဏာသိမ်း စစ်တပ်ကို ထောက်ခံသလို စစ်ခေါင်းဆောင်နဲ့ အာဏာမသိမ်းခင်ကတည်းက ရင်းနှီးတဲ့ဆက်ဆံရေးရှိကြတာပါ။ YMBA က စစ်ခေါင်းဆောင်နဲ့ စစ်တပ်ထောက်ခံသူတွေကို တွေ့ကရာဘွဲ့ပေးနေသူတွေလည်းဖြစ်ပါတယ်။

 

အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို YMBA အသင်းက ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ မဟာမင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့နဲ့ အသင်းရဲ့ ရာသက်ပန်နာယကကြီးဘွဲ့ ပေးအပ်ခဲ့သလို ၂၀၂၀ ဒီဇင်ဘာလ ၉ ရက်နေ့မှာ သတိုးသီရိ အဂ္ဂမဟာမင်္ဂလဇောတိကဓဇဘွဲ့ကို ပေးအပ်ထားပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ်ကနေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပေးတဲ့ သီရိပျံချီဘွဲ့တွေကို အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီး ဦးဝီရသူနဲ့ ဇွဲကပင် ဆရာတော် ဘဒ္ဒန္တ ကဝိဓဇကို ပေးအပ်တဲ့ပွဲမှာ YMBA က အဲဒီ ဘုန်းကြီးနှစ်ပါးကို မဟာမင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့ကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

 

ဓာတ်ပုံ – YMBA