NUG အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းတို့ သီးခြားတွေ့ဆုံ

Author လင်းနွေဦး
Categories
Published on May 07, 2024

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ(Thaksin Shinawatra)ဟာ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ တစ်နေရာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အတည်ပြုပါတယ်။

 

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်က NUG အပါအဝင်  ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကချင် အမျိုးသားအစည်းအရုံး (KNO) စတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကို တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ခြားရေးဝန်ကြီးအသစ်ဖြစ်လာသူ မာရစ်ဆန်ချိုင်ပွန်ဆ(Maris Sangiapongsa)က ဒေသတွင်း သတင်းမီဒီယာတွေကို အတည်ပြုထားပါတယ်။

 

ထိုင်းဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Thai Enquirer သတင်းဌာနမှာ ဖော်ပြထားချက်အရ ဝန်ကြီးချုပ်ဟောင်း သက်ဆင် တွေ့ဆုံဆွေးနွေးခဲ့တဲ့ တိုင်းရင်းသားအဖွဲ့တွေအနက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ရဲ့  ကိုယ်စားလှယ်တွေ ပါဝင်တယ်လို့ သိရတယ်။

 

စစ်ကောင်စီကို တော်လှန်နေကြတဲ့ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ထိုင်းအစိုးရနဲ့ သက်ဆိုင်ခြင်းမရှိဘဲ ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံဆွေးနွေးတာသာဖြစ်ပြီး ဘယ်လိုအရေးကိစ္စတွေဆွေးနွေးတယ်ဆိုတာအပြင် တွေ့ဆုံဆွေးနွေးပွဲရဲ့  အသေးစိတ်အချက်အလက် တွေနဲ့ပတ်သက်လို့ မသိရသေးဘူလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်က ဒေသတွင်း မီဒီယာတွေကို ဖြေဆိုထားပါတယ်။

 

ဓာတ်ပုံ – Nation Thailand

 

ပုံစာ – မတ်လ ၁၅ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အတူယှဉ်တွဲ တွေ့ရှိရတဲ့ ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်နဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်