မင်္ဂလာဒုံမှာ လမ်းဖြတ်ကူးတဲ့ အမျိုးသား YBS ဝင်တိုက်လို့ သေဆုံး

Author ကိုထက်
Categories
Published on May 07, 2024

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းဆုံမီးပွိုင့်အနီး မနေ့ မေလ ၆ ရက် မနက်ပိုင်းက လမ်းဖြတ်ကူးတဲ့အမျိုးသားတစ်ဦးကို YBS ယာဉ်တစ်စီးက ဝင်တိုက်လို့ နေရာမှာတင် သေဆုံးသွားတယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။

 

အောင်မင်္ဂလာအဝေးပြေးကွင်းဘက်လာတဲ့ YBS အမှတ် ၉၂ ယာဉ်ဟာ အမှတ် ၃ လမ်းဆုံနားအရောက်မှာ လမ်းဖြတ်ကူးတဲ့အမျိုးသားကို ဝင်တိုက်မိပြီးနောက် ကားရောလူပါ ထွက်ပြေးမောင်းနှင်သွားတာဖြစ်တယ်လို့ သိရပါတယ်။

 

“တိုက်ခံရသူက သက်လတ်ပိုင်း ၄၀ (နှစ်)ဝန်းကျင်ရှိမယ်။ YBS ၉၂ က တိုက်မိသွားတာ။ ကားက မောင်းပြေးသွားတယ်။ အတိုက်ခံရသူကတော့ နေရာမှာပဲ သေဆုံးသွားပါတယ်။ ကားသမားကိုတော့ လမ်းတလျှောက်က မျက်မြင်တွေပြောလို့ ပုလဲလမ်းဆုံမှာမိသွားတယ်ဗျ” ဟု  ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလထဲမှာလည်း အင်းစိန်မှာ YBS ၇၇ က ကားငါးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့လို့ ၁၅ ဦးဒဏ်ရာရခဲ့သလို သန်လျင်မြို့နယ် ဒါဂါရ်မှတ်တိုင်အနီးမှာ YBS အမှတ် ၇၀ က ၂ နှစ်အရွယ် ကလေးငယ်ကို ကြိတ်မိမှု ဖြစ်ပွားခဲ့ပါတယ်။

 

ဓာတ်ပုံ – ပုလဲအရန်မီးသတ်တပ်ဖွဲ့

 

ပုံစာ – YBS 92 ယာဉ်တိုက်ခံရလို့ သေဆုံးသွားတဲ့ အမျိုးသားအလောင်းကို တွေ့မြင်ရစဉ်