ကာတာနဲ့ အီဂျစ်တို့ အဆိုပြုတဲ့ အပစ်ရပ်စဲရေးကမ်းလှမ်းမှုကို ဟားမက်စ်တို့ လက်ခံ

Author အဂ္ဂ
Categories
Published on May 07, 2024

ဂါဇာဒေသမှာ အစ္စရေးနဲ့ ဟားမက်စ်တို့ကြား ဖြစ်ပွားနေတဲ့ ခုနစ်လကြာ စစ်ပွဲအဆုံးသတ်စေဖို့ ကြိုးပမ်းနေကြတဲ့ အီဂျစ်နဲ့ ကာတာတို့ရဲ့ အပစ်အခတ်ရပ်စဲရေးကမ်းလမ်းမှုအဆိုပြုချက်ကို ဟားမက်စ်တို့ဘက်က လက်ခံလိုက်ပြီ ဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြနေကြပါတယ်။

 

ဟားမက်စ်တို့ရဲ့ နိုင်ငံရေးဌာန အကြီးအကဲဖြစ်တဲ့ Ismail Haniyeh က ကာတာဝန်ကြီးချုပ်နဲ့ အီဂျစ်ထောက်လှမ်းရေးဝန်ကြီးတို့ကို “သူတို့အဖွဲ့ဟာ ကာတာနဲ့ အီဂျစ်တို့ အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေး ကမ်းလမ်းမှုကို လက်ခံလိုက်ပြီ” လို့ပြောခဲ့တဲ့အကြောင်းကို တနင်္လာနေ့ (မေ ၆) ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တစ်ခုအတွင်းမှာ ဖော်ပြထားပါတယ်။

 

အစ္စရေးအစိုးရကတော့ အခုလိုဟားမက်စ်တို့ရဲ့ တုံ့ပြန်လာမှုကို ပြန်လည်သုံးသပ်နေပြီး အစ္စရေး ဝန်ကြီးချုပ်ရုံးကတော့ လတ်တလောမှာ မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။

 

ဒါပေမဲ့ ဟားမက်စ်တို့ လက်ခံခဲ့တဲ့ အပစ်ရပ်စဲရေး အဆိုပြုချက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက ဖော်ပြထားခဲ့တဲ့ အဆိုပြုချက်တွေလား ဒါမှမဟုတ် အသစ်ပြန်လည်ရေးထားတဲ့ အဆိုပြုချက်တွေလား ဆိုတာကိုတော့ လတ်တလောမှာ သေချာမသိရသေးပါဘူး။

 

အစ္စရေးဘက်က အဆင်ပြေအောင် လုပ်ဆောင်ပေးခဲ့ပေမယ့် သဘောတူညီမှုမရခဲ့တဲ့ ရှေ့အပတ်တွေတုန်းက အဆိုပြုချက်မှာတော့ အပစ်အခတ်ရပ်စဲဖို့နဲ့ ပါလက်စတိုင်းအကျဉ်းသားတွေ ပြန်လွတ်ပေးဖို့အတွက် လာမယ့်အပတ်တွေမှာ ဓားစာခံ (၂၀) ကနေ (၃၃) ယောက်အထိ ပြန်လွှတ်ပေးဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

 

အဲဒီအဆိုပြုချက်အရဆိုရင် ကနဦးလဲလှယ်မှုပြီးတဲ့နောက်မှာ “မူလပိုင်ရှင်ထံပြန်လည်ပေးအပ်ခြင်းနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားခြင်း”လို့ နာမည်ပေးထားတဲ့ အစီအစဉ်အတိုင်း ကျန်ရှိနေတဲ့ ဓားစာခံတွေ၊ အစ္စရေးစစ်သားသုံ့ပန်းတွေနဲ့ ဓားစာခံတွေရဲ့ ရုပ်အလောင်းတွေကို ပါလက်စတိုင်းအကျဉ်းသားတွေနဲ့ အပြန်အလှန်လဲလှယ်ကြမှာ ဖြစ်ပါတယ်။

 

CIA ညွှန်ကြားရေးမှူး Bill Burns နဲ့ ကာတာဝန်ကြီးချုပ် Sheikh Mohammed bin Abdulrahman Al Thani တို့ ကာတာနိုင်ငံမြို့တော် Doha မှာ တစ်ရက်ကြာ တွေ့ဆုံပြီးတဲ့နောက် စေ့စပ်ညှိနှိုင်းပေးသူတွေဟာ  ဟားမတ်စ်တို့ကို အပိုင်းသုံးပိုင်းပါဝင်တဲ့ သဘောတူညီချက်ကို လက်ခံဖို့ စည်းရုံးခဲ့တယ်လို့ ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့  သံတမန်သတင်းရင်းမြစ်တစ်ခုက CNN သတင်းဌာနကို ပြောခဲ့ပါတယ်။

 

“အခုဆိုရင် ဥပဒေမူကြမ်းဟာ နေတန်ညာဟုရဲ့ တရားရုံးမှာ အခိုင်အမာရှိနေပါပြီ” လို့ အဆိုပါ သတင်းရင်းမြစ်က ဆိုပါတယ်။

 

အမေရိကန် အိမ်ဖြူတော်ဘက်ကလည်း အစ္စရေးတို့ရဲ့ ဓားစာခံတွေအတွက် အဆိုပြုချက်ကို ဟားမက်တွေဘက်က အကြောင်းပြန်မှုရှိခဲ့တယ်လို့ တနင်္လာနေ့မှာပဲ အတည်ပြုပေးခဲ့ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ဟားမက်စ်တို့ရဲ့ အကြောင်းပြန်မှုနဲ့ ပတ်သက်ပြီး အကျဉ်းချုပ်ဖြေခဲ့ပေမယ့် သဘောတူညီချက်တွေထဲမှာ ဘယ်အချက်တွေပါဝင်တယ်ဆိုတာကို ပြောဆိုဖို့တော့ ငြင်းဆန်ခဲ့ပါတယ်။

 

“မစ္စတာ ဘိုင်ဒင်က အခြေအနေနဲ့ ဖြစ်စဉ်တွေ ဘယ်အခြေအနေရောက်နေပြီလဲဆိုတာကို သိရှိနားလည်ထားပါတယ်” လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ John Kirby က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် CIA ညွှန်ကြားရေးမှူး Bill Burns ကလည်း အဲဒီဒေသတွင်းမှာ ရောက်ရှိနေပြီး အချိန်နဲ့တပြေးညီ အလုပ်လုပ်နေပါတယ်လို့ မစ္စတာ Kirby က ဆက်ပြောပါတယ်။

 

“သဘောတူညီမှုတစ်ခု ရယူနိုင်ခြင်းဟာ ဓားစာခံတွေအတွက်သာမက ပါလက်စတိုင်းပြည်သူတွေအတွက်ပါ အကြွင်းမဲ့ အကောင်းဆုံးရလဒ်တစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားဆဲဖြစ်ပြီး အဲ့လိုရလဒ် အတွက်လည်း ကျွန်တော်တို့ မနားတမ်း လုပ်ဆောင်နေပါတယ်” လို့ သူကဆက်ပြောပါတယ်။

 

ဟားမက်စ်တို့က အပစ်အခတ်ရပ်စဲရေး လက်ခံလိုက်တယ်ဆိုတဲ့ သတင်းဟာ ဂါဇာဒေသမှာလည်း ပျံ့နှံ့နေတဲ့အတွက် ဂါဇာကမ်းမြောင်အလယ်ပိုင်းက Deir al-Balah မြို့နဲ့ ဂါဇာကမ်းမြောင် မြောက်ဘက်က ဂါဇာစီးတီးတို့မှာ ပါလက်စတိုင်းပြည်သူတွေဟာ အောင်ပွဲခံနေကြပြီလို့လည်း သိရပါတယ်။

 

ဂါဇာကမ်းမြောင်တောင်းပိုင်းက ရာဇာမြို့မှာရှိတဲ့ ပါလက်စတိုင်းပြည်သူတွေကို ဘေးလွှတ်ရာကို ရွှေ့ပြောင်းဖို့ အစ္စရေးစစ်တပ်က အမိန့်ပေးမှုတွေပြုလုပ်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ဟားမက်စ်တို့က အပစ်ရပ်စဲမှုကို လက်ခံလိုက်တယ်ဆိုတဲ့ သတင်းပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

 

အဲဒီသတိပေးမှု ပေါ်ထွက်လာပြီးတဲ့နောက်မှာ အစ္စရေးတို့ဘက်က ရာဖာမြို့ကို ကာလရှည်ကြာ ခြိမ်းခြောက်တိုက်ခိုက်လာမှာကိုလည်း စိုးရိမ်မှုတွေ မြင့်တက်နေကြပါတယ်။ ဂါဇာကမ်းမြောင် မြောက်ပိုင်းကို အစ္စရေးတို့က ဖျက်ဆီးတိုက်ခိုက်လိုက်ပြီးတဲ့နောက်မှာ ဟားမက်စ်တွေ ပြန်လည်စုဖွဲ့နေတဲ့နေရာလို့ ယူဆရတဲ့ ရာဖာမြို့မှာ ပါလက်စတိုင်း စစ်ရှောင် တစ်သန်းကျော် ခိုလှုံနေတာလည်း ဖြစ်ပါတယ်။

 

အပစ်ရပ်စဲရေးနဲ့ ဓားစာခံလွတ်မြောက်ရေးတို့ကို ဟားမက်စ်တို့ဘက်က လက်ခံလာအောင် ဖိအားပေးတဲ့အနေနဲ့ အစ္စရေးတို့ဟာ ရာဖာမြို့ထဲကို အကန့်အသတ်နဲ့ ကျူးကျော်ထိုးစစ်ဆင်ဖို့ အစီအစဉ်ဆွဲထားတာ ဖြစ်တယ်လို့ အစ္စရေးတို့ရဲ့ စစ်ရေးအစီအစဉ်တွေနဲ့ နီးစပ်တဲ့သူတစ်ဦးက CNN သတင်းဌာနကို ပြောခဲ့ပါတယ်။

 

ဟားမက်စ်တို့ဘက်က အပစ်ရပ်စဲမှုကို လက်ခံလိုက်ပြီးဖြစ်တဲ့အတွက် ရာဖာမြို့ကို ထိုးစစ်ဆင်မယ့် အစ္စရေးစစ်တပ်ရဲ့ အစီအစဉ်အပြောင်းအလဲရှိနိုင်မလားလို့ မေးမြန်းခဲ့ရာမှာတော့ ဂါဇာဒေသမှာ အစ္စရေးတပ်အနေနဲ့ စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်သွားနိုင်ပါတယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ Daniel Hagari က ပြောပါတယ်။

 

“စစ်ဆင်ရေးတွေကတော့ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ IDF အနေနဲ့ ဓားစာခံတွေကို တတ်နိုင်သမျှ အိမ်ကို အမြန်ဆုံး ပြန်ခေါ်နိုင်ဖို့ စေ့စပ်ညှိနှိုင်းမှုတွေကိုလည်း အစွမ်းကုန် လုပ်ဆောင်နေပါတယ်” လို့ သူကဆက်ပြောပါတယ်။

 

အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုကို သူ့ညွှန့်ပေါင်းအစိုးရအဖွဲ့ထဲက အစွန်းရောက်သူတွေကနေပြီး ပြီးခဲ့သီတင်းပတ်တွေတုန်းက အဆိုပြုခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မခံဖို့နဲ့ အဲဒီအစား ရာဖာမြို့က ဟားမက်စ်တွေကို အပြင်းအထန် ချေမှုန်းဖို့ကိစ္စကို အာရုံစိုက်ထားဖို့ ဆိုပြီးတော့လည်း ပြင်းပြင်းထန်ထန် ဖိအားပေးနေတာမျိုးလည်း ရှိနေပါတယ်။

 

အစ္စရေးရဲ့ အခြေချနေထိုင်ရေးဝန်ကြီးနဲ့ လက်ယာစွန်း ဘာသာရေးဇီယွန်ဝါဒ ပါတီဝင်တစ်ဦးဖြစ်တဲ့ Orit Strook က အပစ်အခတ်ရပ်စဲရေးကို လက်ခံလိုက်ခြင်းဟာ အစ္စရေးစစ်တပ်ရဲ့ ခရီးပေါက်နေတဲ့ အခြေအနေကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တာပဲလို့ ပြီးခဲ့တဲ့အပတ်ကပြောခဲ့ပါတယ်။

 

အစ္စရေးအမျိုးသားလုံခြုံရေးဝန်ကြီးဖြစ်သူ Itamar Ben Gvir က “နေတန်ညာဟုက အစ္စရေးစစ်တပ်တွေ ရဖာမြို့ထဲကို ဝင်မယ်လို့ကတိပေးထားပြီးပြီ၊ စစ်ပွဲကပြီးဆုံးမှာ မဟုတ်ဘူးလို့ အာမခံခဲ့ပြီး မဆင်မခြင်နဲ့ အပေးအယူတွေလုပ်မှာ မဟုတ်ဘူးလို့လည်း ကတိပြုခဲ့တယ်” လို့ ဆိုပါတယ်။

 

ဒါပေမဲ့ အစ္စရေးပြည်သူအများစုကတော့ ဝန်ကြီးချုပ်နေတန်ညာဟုကို အပစ်အခတ်ရပ်စဲမှုကို လက်ခံလိုက်ဖို့ တောင်းဆိုနေကြပါတယ်။ ပြီးခဲ့တဲ့အပတ်က ဓားစာခံတွေရဲ့ မိသားစုဝင်တွေနဲ့ သူတို့ကို ထောက်ခံတဲ့သူတွေက  Tel Avivမြို့က  Ayalon လမ်းမကြီးကို ပိတ်ဆို့ခဲ့ပြီး “ရာဖာ (သို့) ဓားစာခံများ – အသက်တွေကို ရွေးပါ” ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

 

အစ္စရေးစစ်ဘက်ဆိုင်ရာဝန်ကြီးတစ်ဦးလည်းဖြစ်၊ နေတန်ညာဟုရဲ့ ပြိုင်ဘက်နဲ့ သူ့နေရာကို ဆက်ခံနိုင်တဲ့သူလို့ ရှုမြင်ခံရသူလည်းဖြစ်တဲ့ Benny Gantz ကတော့ ဓားစာခံတွေ လွတ်မြောက်လာဖို့ ကိစ္စဟာ ရာဖာမြို့ကို ထိုးစစ်ဆင်ဝင်ရောက်တာထက် ပိုအရေးကြီးပါတယ်လို့ ဆိုပါတယ်။

 

“အခုက ပါဝင်ပတ်သက်သူအားလုံးအတွက် သူတို့တွေရဲ့ ကတိကဝတ်တွေကို ဖြည့်ဆည်းပေးဖို့ အချိန်ကျပါပြီ၊ အခုရလာတဲ့ အခွင့်အရေးကို ဓားစာခံတွေအားလုံးလွတ်မြောက်လာနိုင်တဲ့ သဘောတူညီချက်အဖြစ် ပြောင်းလဲလိုက်ပါတော့” လို့ ဓားစာခံများရဲ့မိသားစုဝင်များဖိုရမ်က တနင်္လာနေ့မှာ ထွက်ပေါ်လာတဲ့ အပစ်ရပ်စဲရေး သဘောတူညီချက်အပေါ် မှတ်ချက်ပြုပြောဆိုပါတယ်။

 

ဓာတ်ပုံ – AFP/ Getty Image

 

ကိုးကား- CNN

 

ပုံစာညွှန်း – ဟားမက်စ်တို့က အပစ်ရပ်စဲရေးလက်ခံလိုက်ပြီလို့ သတင်းထွက်လာပြီးတဲ့နောက် အောင်ပွဲခံနေတဲ့ ရာဖာမြို့က ပါလက်စတိုင်းပြည်သူများ