မင်းအောင်လှိုင် ရွေးချယ်ထားတဲ့ ဒီပုတ်ထဲက ဒီပဲများ


လက်ရှိအချိန်ထိ ဗိုလ်ချုပ်မှူးကြီး ရာထူးကို မစွန့်လွှတ်ရဲတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ဧပြီ ၇ ရက်နေ့မှာ ကျင်းပတဲ့ စစ်အုပ်စု ပြည်ထောင်စုလွှတ်တော်မှာ သူဖွဲ့စည်းမယ့် အစိုးရအဖွဲ့ဝန်ကြီးဌာန ၃၁ ခုအတွက် ပြည်ထောင်စုဝန်ကြီး ၃၀ ဦးကို အမည်စာရင်းတင်သွင်းခဲ့ပါတယ်။

 

စစ်အုပ်စု ပြည်ထောင်စုလွှတ်တော်က ရွေးကောက်ခံသမ္မတကြီးလို့ အကြိမ်ကြိမ်အမည်သုံးပေးခဲ့ရတဲ့၊ ဘယ်သူ့ရဲ့ ဆန္ဒမဲမှ မပါဝင်ဘဲ သမ္မတအဖြစ် ရယူဖို့ အာဏာသိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင်က သူနဲ့အတူတူ အစိုးရတစ်ဖွဲ့ကို ပုံဖော်ဖို့ အမည်စာရင်း အဆိုပြုတင်သွင်းခဲ့တဲ့ ဝန်ကြီးလောင်းတွေဟာ ဘယ်သူတွေလဲဆိုတာကို CJ Platform က စိစစ်ခဲ့ရာမှာတော့ စစ်ဘက်ကနေ အရပ်ဘက်ပြောင်းခဲ့သူတွေ၊ လက်ရှိ စစ်အုပ်စုခန့်ဝန်ကြီးအဖြစ် လုပ်ဆောင်ဆဲဖြစ်နေသူတွေ၊ စစ်အာဏာရှင်အဆက်ဆက် အလုပ်ကျွေးပြုခဲ့သူတွေဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။ ထူးခြားချက်အဖြစ် လူငယ်ရေးရာဝန်ကြီးဌာနဆိုတာကို အသစ်ထည့်သွင်း ဖွဲ့စည်းခဲ့တဲ့ မင်းအောင်လှိုင်ဟာ အဲဒီဝန်ကြီးဌာနကို တာဝန်ယူဖို့ အသက် (၆၉) နှစ်အရွယ် ကြံ့ခိုင်ရေးပါတီက ဗဟိုကော်မတီဝင်တစ်ဦးကို ခန့်အပ်ခဲ့တာပဲဖြစ်ပါတယ်။

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးခင်မောင်ရီဟာ စစ်အုပ်စုရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ရာထူးရယူထားသူဖြစ်ပြီး ဗိုလ်မှူးဟောင်းတစ်ဦး ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးအောင်ကျော်ဟိုးဟာ စစ်အုပ်စုရဲ့ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ် ရာထူးရယူထားသူဖြစ်ပြီး ဗိုလ်မှူးချုပ်ဟောင်းတစ်ဦး ဖြစ်ပါတယ်။

ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးတင်အောင်စန်းဟာ စစ်အုပ်စုရဲ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ဝန်ကြီးအဖြစ် ရာထူးရယူထားသူဖြစ်ပြီး ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ဖြစ်ပါတယ်။

ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးမြထွန်းဦးဟာ စစ်အုပ်စုရဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ရာထူးရယူထားပြီး ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဗိုလ်ချုပ်ကြီးထွန်းအောင်ဟာ စစ်အုပ်စုရဲ့ လေတပ် ကာကွယ်ရေးဦးစီးချုပ်ဟောင်းတစ်ဦးဖြစ်ပြီး ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်မှုရဲ့ တာဝန်ရှိသူလည်း ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေဟာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန် ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို အကြမ်းဖတ်သတ်ဖြတ်မှုတွေ လုပ်ဆောင်ရာမှာ တာဝန်ရှိသူ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးတင်မောင်ဆွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး တရုတ်နိုင်ငံနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားနိုင်သူဖြစ်ကာ ဗိုလ်မှူးချုပ်ဟောင်းတစ်ဦး ဖြစ်ပါတယ်။

ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဒေါက်တာကံဇော်ဟာ လက်ရှိမှာလည်း စစ်အုပ်စုခန့် ဝန်ကြီးအဖြစ် ရာထူးရယူထားသူ ဖြစ်ပါတယ်။

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဒုဗိုလ်ချုပ်ကြီးဖုန်းမြတ်ဟာ စစ်ကော်မရှင်အဖွဲ့ဝင်လည်း ဖြစ်သလို ပြည်ထဲရေးဝန်ကြီးအဖြစ် ရာထူးရယူခဲ့သူလည်း ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးသန်းမောင်ဟာ စစ်အုပ်စုရဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇော်အေးမောင်ရဲ့ အစ်ကိုဖြစ်ပြီး ဒုဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ဖြစ်ပါတယ်။

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဒေါက်တာသီတာဦးဟာ လက်ရှိမှာလည်း စစ်အုပ်စုခန့် ဝန်ကြီးအဖြစ် ရာထူးရယူထားသူ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဒေါက်တာချောချောစိန်ဟာ လက်ရှိမှာလည်း စစ်အုပ်စုခန့် ဝန်ကြီးအဖြစ် ရာထူးရယူထားပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒေါက်တာဘွဲ့ပေးအပ်ခဲ့သူ ဖြစ်ပါတယ်။

သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဒေါက်တာမျိုးသိမ်းကျော်ဟာ လက်ရှိမှာလည်း စစ်အုပ်စုခန့် ဝန်ကြီးအဖြစ် ရာထူးရယူထားပြီး ဗိုလ်မှူးချုပ်ဟောင်းတစ်ဦး ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဒေါက်တာသက်ခိုင်ဝင်းဟာ လက်ရှိမှာလည်း စစ်အုပ်စုခန့် ဝန်ကြီးအဖြစ် ရာထူးရယူထားသူ ဖြစ်ပါတယ်။

အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဒေါက်တာသက်သက်ဇင်ဟာ လက်ရှိမှာလည်း စစ်အုပ်စုခန့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ရာထူးရယူထားသူ ဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးထိန်ဝင်းဟာ စစ်အုပ်စုရဲ့ ရခိုင်ပြည် ဝန်ကြီးချုပ်ရာထူး ရယူခဲ့သူဖြစ်ပြီး ဗိုလ်မှူးကြီးဟောင်း ဖြစ်ပါတယ်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးတင်ဦးလွင်ဟာ စစ်အုပ်စုရဲ့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရာထူးကို ရယူခဲ့သူဖြစ်ပြီး ဗိုလ်မှူးချုပ်ဟောင်း ဖြစ်ပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးမင်းနောင်ဟာ လက်ရှိမှာလည်း စစ်အုပ်စုခန့် ဝန်ကြီးအဖြစ် ရာထူးရယူထားပြီး ဒုဗိုလ်ချုပ်ကြီးဟောင်း ဖြစ်ပါတယ်။

သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးမျိုးဇော်သိမ်းဟာ ကြံ့ခိုင်ရေးပါတီရဲ့ ဒုဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး ဒုဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်ပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးဆန်းဦးဟာ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး ဒုဗိုလ်ချုပ်ကြီးဟောင်း ဖြစ်ပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးကိုကိုလွင်ဟာ စစ်အုပ်စုရဲ့ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ရာထူးရယူထားသူဖြစ်ပြီး ဗိုလ်ချုပ်ဟောင်းတစ်ဦး ဖြစ်ပါတယ်။

စက်မှုနဲ့ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဒေါက်တာချာလီသန်းဟာ စစ်အုပ်စုရဲ့ စက်မှုဝန်ကြီးအဖြစ် ရာထူးရယူထားသူ ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးမြင့်ကြိုင်ဟာ လက်ရှိမှာလည်း စစ်အုပ်စုခန့် ဝန်ကြီးအဖြစ် ရာထူးရယူထားပြီး ဗိုလ်မှူးကြီးဟောင်း ဖြစ်ပါတယ်။

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးခင်မောင်စိုးဟာ ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း ဝန်ကြီးတစ်ဦးဖြစ်ခဲ့ပြီး ဗိုလ်မှူးချုပ်ဟောင်း ဖြစ်ပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးထွန်းအုံဟာ စစ်အုပ်စုရဲ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၄) ဝန်ကြီးအဖြစ် ရာထူးရယူထားသူဖြစ်ပြီး ဒုဗိုလ်မှူးကြီးဟောင်း ဖြစ်ပါတယ်။

အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးရဲမြင့်ထွန်းဟာ ဦးသိန်းစိန်အစိုးရလက်ထက်က ပဲခူးတိုင်း စည်ပင်သာယာရေးဝန်ကြီးအဖြစ် ရာထူးရယူခဲ့သူ ဖြစ်ပါတယ်။

လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဒေါက်တာမောင်သင်းဟာ အသက် (၆၉) နှစ်ရှိပြီဖြစ်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုကော်မတီဝင်တစ်ဦး ဖြစ်ပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးမျိုးသန့်ဟာ လက်ရှိမှာလည်း စစ်အုပ်စုခန့် ဝန်ကြီးအဖြစ် ရာထူးရယူထားသူဖြစ်ပြီး ဗိုလ်ချုပ်ဟောင်းတစ်ဦး ဖြစ်ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဒေါက်တာစိုးဝင်းဟာ လက်ရှိမှာလည်း စစ်အုပ်စုခန့် ဝန်ကြီးအဖြစ် ရာထူးရယူထားသူဖြစ်ပြီး ဗိုလ်ချုပ်ဟောင်းတစ်ဦး ဖြစ်ပါတယ်။

ဟိုတယ်၊ ခရီးသွားလာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးမောင်မြင့်ဟာ မင်းကင်းမောင်မြင့်လို့ နာမည်ကြီးပြီး ဗိုလ်မှူးချုပ်ဟောင်းတစ်ဦးဖြစ်ကာ အာဏာရှင်အဆက်ဆက် ရာထူးကြီးတွေ ရယူခဲ့သူ ဖြစ်ပါတယ်။

 

အခုဖွဲ့စည်းလိုက်တဲ့ ဝန်ကြီးစာရင်းအရ ဝန်ကြီးအသစ်ဖြစ်လာသူ ၁၁ ဦးသာရှိပြီး ကျန်တဲ့ ၂၀ ဟာ စစ်ကော်မရှင်ဝန်ကြီးတွေကိုပဲ ဆက်ခန့်ထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် စစ်ဗိုလ်ဟောင်းတွေကလည်း အယောက် ၂၀ ကျော်အထိ ပါဝင်နေပါတယ်။ ဒါဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့အပေါ် အစွန်းကုန် သစ္စာရှိတဲ့ စစ်ဘက်၊ ရဲဘက်အရာရှိဟောင်းတွေကိုသာ အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးမှာ နေရာချထားလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် မင်းအောင်လှိုင်အစိုးရဟာ အမည်ခံ အရပ်သားအစိုးရဖြစ်ပေမယ့် တကယ့်လက်တွေ့မှာတော့ စစ်ဗိုလ်ချုပ်ဟောင်းတွေကပဲ နိုင်ငံအာဏာကို စိတ်ကြိုက် ခြယ်လှယ်သွားမယ့် အခင်းအကျင်းသာ ဖြစ်ပါတယ်။