သက်ငယ်မုဒိမ်းကျူးလွန်ကာ လူသတ်အလောင်းဖျောက်ခဲ့သူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်
မကွေးတိုင်း၊ ဆောမြို့မှာ သက်ငယ်မုဒိမ်းမှုကျူးလွန်ကာ လူသတ်အလောင်းဖျောက်ခဲ့သူ အသက် ၂၁ နှစ်အရွယ် ကိုမင်းမင်းစိုး ဆိုသူကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဆောမြို့နယ်တရားရုံးက အခုလ ဧပြီပထမပတ်ထဲမှာ သေဒဏ်အမိန့်ချမှတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျူးလွန်ခဲ့သူတရားခံကို ၅ လကျော်ကြာ စစ်ဆေးကြားနာပြီးနောက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆၊ ပုဒ်မ ၃၀၂ တို့နဲ့ စွဲချက်တင်ကာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက် (ကြာသပတေးနေ့) မှာ NUG မြို့နယ်တရားရုံးက တရားခံ ကိုမင်းမင်းစိုးကို ရာဇသတ်ကြီးဥပဒေ ၃၀၂ (၁) (ဂ) အရ သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။
“အမိန့်မချခင်မှာ အပြစ်ရှိလား၊ အပြစ်ကိုဝန်ခံသလားဆိုတာကို တရားခံကို (၃) ကြိမ် မေးတယ်ပေါ့နော်။ တရားခံက အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုတဲ့အတွက် သေဒဏ်အမိန့်ကို ချမှတ်လိုက်တာ” လို့ ယောအလင်းတန်းအဖွဲ့က တရားစီရင်ရေးမှာ ကိုယ်တိုင်လေ့လာစောင့်ကြည့်ခဲ့သူ ကိုအောင်ကြီးက CJ Platform ကို ပြောပါတယ်။
စီရင်ချက်ချမှတ်ပြီးတော့ တရားခံကို ထောင်ပို့မိန့်ဖြင့် မြို့နယ်ပလဖထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး တည်ဆဲလုပ်ထုံးလုပ်နည်းတွေအရ တစ်ပတ်အတွင်း အမှုတွဲကို ပြည်ထောင်စုဝန်ကြီးကို တင်ပြပြီး ပြစ်ဒဏ်သင့်လျော်မှု ရှိ၊ မရှိကို စစ်ဆေးပြီး နောက်ဆုံးအတည်ပြုချက်ရယူကာ လုပ်ငန်းစဉ်တစ်ခုလုံးကို ၃၈ ရက်အတွင်း အပြီးသတ်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
“အဲ့အမှုက ဒီလိုပဲနေတော့မယ်ထင်တာ၊ အရင်တစ်ခေါက်ကလည်း သေပြီဆိုပြီး သတင်းတွေထွက်ပြီးမှ ပြန်ပေါ်လာတာဆိုတော့လေ၊ အခုလိုချမှတ်လိုက်တာအတွက် ဝမ်းသာပါတယ်၊ သူ့အမေက (နစ်နာသူရဲ့ မိခင်) တော့ တော်တော်လေး ပျော်နေပါတယ်” လို့ ဆောမြို့ခံ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
အခုစီရင်ချက်ဟာ ဒေသခံတွေအတွက် စိတ်သက်သာရာရစေတဲ့ စီရင်ချက်တစ်ခုဖြစ်ခဲ့တယ်လို့လည်း သိရပြီး တရားခံရဲ့ မိသားစုတွေကတော့ တရားစီရင်တဲ့နေ့မှာ လာရောက်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
စီရင်ချက်အမိန့်နဲ့ပတ်သက်ပြီး ဆောမြို့နယ်ဒေသခံအမျိုးသားတစ်ဦးက “တရားမျှတတယ်လို့ မြင်ပါတယ်။ အမှုဖြစ်စဉ်တွေ၊ အသိသက်သေတွေရဲ့ ထွက်ဆိုချက်တွေကို နားထောင်ပြီးနောက် တရားသူကြီးက အမိန့်ချမှတ်ချိန်မှာတော့ တရားမျှတတယ်လို့ မှတ်ချက်ပေးလိုတယ်” လို့ CJ Platform ကို ပြောပါတယ်။
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က ဆောမြို့၊ —ရပ်ကွက်နေ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့ ရင်းနှီးသူ မင်းမင်းစိုးက ဆောမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အိမ်ရာအခန်းတစ်ခုကို ခေါ်ဆောင်သွားပြီး မုဒိမ်းကျင့်သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်ခဲ့တာ ဖြစ်ပါတယ်။
မိန်းကလေး ပျောက်ဆုံးပြီး ၄ ရက်အကြာ၊ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ရုပ်အလောင်း ပုပ်ပွနံစော်မှုကြောင့် အခန်းအတွင်းမှ ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ကြတာ ဖြစ်ပြီး အဲဒီနေ့မှာပဲ ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က တရားခံ မင်းမင်းစိုးကို အချိန်မီ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
နောက်တစ်နေ့ အောက်တိုဘာ ၂၆ ရက်နေ့မှာတော့ ဆောမြို့ရှိ ပြည်သူလူထုများမှ စုဝေးကာ သက်ငယ်မုဒိမ်း၊ လူသတ်၊ အလောင်းဖျောက်မှု ကျူးလွန်ခဲ့သော တရားခံ မင်းမင်းစိုးအား သေဒဏ်ချမှတ်ပေးရန် စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြတာတွေ ရှိခဲ့ပြီးနောက် ၅ လအကြာမှာတော့ အခုလို အမိန့်ချမှတ်တာတွေ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။
ဓာတ်ပုံ – ယောအလင်းတန်း
