“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (မတ်လ ၃၁ မှ ဧပြီလ ၆ ရက်အထိ)

Author အညာသား
Categories
Published on Apr 06, 2024

ဒီအပတ်(မတ်လ ၃၁ မှ ဧပြီလ ၆ ရက်အထိ)အတွင်း ပြည်တွင်းမှာ ရခိုင်၊ ကချင်၊ ကရင် တောင်ပေါ်မြေပြန့် အသီးသီး နိုင်ငံတဝန်းလုံး စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်တဲ့စစ်ပွဲတွေ အားကောင်းနေမှုနဲ့အတူ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလည်း စစ်မှုထမ်းဥပဒေကိုကိုင်စွဲပြီး တပ်သားသစ်စုစောင်းတာတွေလုပ်နေပြီး တချို့တပ်သားသစ်တွေကို ရှေ့တန်းတိုက်ရိုက်ပို့ဆောင်တာတွေ၊ ကလေးစစ်သားတွေကို မူးယစ်ဆေးသုံးစွဲစေပြီး ရှေ့တန်းမှာထားရှိတာတွေလည်း တွေ့နေရပါတယ်။ သမိုင်းတစ်လျှောက် ရွှေဈေးအမြင့်ဆုံးရောက်နေချိန် ရန်ကုန်နဲ့ မန္တလေးက ရွှေဆိုင် ခုနစ်ခုကို စစ်ကောင်စီ ဗဟိုဘဏ်က လုပ်ငန်းယာယီရပ်ဆိုင်းတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ ဟန်မပျက် သင်္ကြန်ပွဲတော်ကို လုပ်ပြဖို့စီစဉ်နေတာလည်း ရှိနေပါတယ်။

 

အဲဒီလိုသတင်းထူးတွေထဲကမှ CJ Platform ရဲ့ တစ်ပတ်စာသတင်းကောက်နုတ်ချက်ကတော့ စံချိန်တင် နွေနေအပူဒဏ်ခံစားနေရတဲ့သတင်း၊ “နေပြည်တော်ခရီးနီးပြီလား” ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်ကောင်စီရဲ့ ခံတပ်မြို့တော် နေပြည်တော်ရှိ စစ်ရုံးချုပ်နဲ့ အေလာလေတပ်တို့ကို ပထမဆုံးအကြိမ် ဒရုန်းနဲ့ တိုက်ခိုက်နိုင်ခဲ့တဲ့ သတင်း၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခုခံနေရတဲ့ကြားက ကရင်ပြည်က အရေးပါတဲ့ စစ်ဗျုဟာကုန်းတွေ တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တဲ့အကြောင်းအပြင် ထိုင်း-မြန်မာနယ်စပ်ဂိတ် ဖြတ်သန်းသွားလာမှုနဲ့ပတ်သက်လို့ စစ်ကောင်စီက တင်းတင်းကြပ်ကြပ်ဆောင်ရွက်မှုတွေ လုပ်ဆောင်လာတဲ့အကြောင်းကို ကောက်နုတ်ဖော်ပြထားပါတယ်။

****************************************

 

“စံချိန်တင်ခဲ့တဲ့ နွေ အပူချိန်”

 

နွေဝင်လာတာနဲ့ လူအများ ‘ပူလိုက်တာ’ ဆိုတဲ့စကားကို နှုတ်မှမချရအောင် တတွတ်တွတ်ပြောနေရပါတယ်။ ဧပြီပထမပတ်ထဲ စံချိန်တင်အောင်ကို အပူချိန်မြင့်တက်ခဲ့ပါတယ်။

 

စစ်ကိုင်း၊ မကွေး၊ မန္တလေးလို အညာဒေသတွေအစ ရန်ကုန်၊ ပဲခူးလို အလည်ပိုင်းနဲ့ထိစပ်နေတဲ့မြို့တွေအလယ် ကချင်နဲ့ ရှမ်းတို့လို အအေးပိုင်းဒေသအဆုံး နေ့အပူချိန်တွေ မြင့်တက်ခဲ့တာပါ။

 

ထူးခြားနေ့အပူချိန်တွေအနေနဲ့ အပူဆုံးဒေသ မကွေးတိုင်း မကွေးမြို့နဲ့ ချောက်မြို့တို့မှာ ၄၅ ဒီဂရီစင်တီဂရိတ်အထိမြင့်တက်ခဲ့သလို မန္တလေးမြို့မှာ ၄၃ စင်တီဂရိတ်၊ မုံရွာမြို့မှာ ၄၂ စင်တီဂရိတ်၊ ရန်ကုန်မြို့မှာ ၄၀ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်တွေမြင့်မယ်လို့ မိုးဇလက ခန့်မှန်းချက်ထုတ်ပြန်ခဲ့ပါတယ်။

 

အဲဒီအပူချိန်တွေအထိကို ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ မြို့အများအပြားမှာ ခံစားခဲ့ရပါတယ်။ အညာဒေသမှာ သဘာဝရာသီဥတုအပူဒဏ်ကိုခံရပေမဲ့ ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေမှာ မော်တော်ယာဉ် အသုံးပြုမှုများပြားခြင်း၊ သစ်ပင်ဆုံးရှုံးမှုတွေနဲ့ လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်မှုတွေကြောင့် အပူဒဏ်ကို သိသိသာသာခံစားခဲ့ကြရပါတယ်။

 

အလားတူပဲ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက ဟတ်ယိုင်(Hat Yai)မြို့၊ ဗီယက်နမ်အနောက်မြောက်ပိုင်းက ရန့်ဇောင် Yên Châu တို့မှာလည်း စံချိန်တင်အောင် အပူချိန်မြင့်တက်ခဲ့တယ်လို့ ကမ္ဘာတန်း လေထုအရည်အသွေးကို စောင့်ကြည့်တိုင်းတာနေတဲ့ IQAir က ဧပြီလ ၄ ရက် ကြာသာပတေးနေ့က ထုတ်ပြန်ထားပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာလည်း စံချိန်တင်အပူချိန် ၄၂ ဒီဂရီထိမြင့်တက်ခဲ့လို့ ဧပြီ ၂ ရက် အင်္ဂါနေ့ကစပြီး ကျောင်းရာနဲ့ချီပိတ်ထားရပါတယ်။

****************************************

 

“နေပြည်တော်ခရီး နီးပြီလား”

 

ဒီတစ်ပတ်အတွင်းမှာလည်း မြန်မာ့သတင်းရပ်ဝန်းမှာသာမက ကမ္ဘာ့သတင်း စာမျက်နှာထက်မှာပါ ဝေဝေဆာဆာ ဖော်ပြခံခဲ့ရတဲ့ သတင်းကတော့ နေပြည်တော်ကို ခရီးရှည်ဒရုန်းများနဲ့ တိုက်ခိုက်မှု သတင်းပါပဲ။

ဧပြီ ၄ ရက် မနက်ခင်းအချိန်မှာ နေပြည်တော်က စစ်ရုံးချုပ်နဲ့ အေလာလေဆိပ်တို့ကို  အသေခံဒရုန်း(ခေါ်) ကာမီကာဇေဒရုန်း ၃၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီမှာ စစ်ရုံးချုပ်ကို (၁၆)စင်း၊ အေလာ လေတပ်ကို ၁၃ စင်း အောင်အောင်မြင်မြင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် စစ်ရုံးချုပ်တစ်ခုလုံး အဆက်အသွယ်ပြတ်တောက်ပြီး ထိခိုက်မှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

 

“ဒရုန်းတစ်စင်းပါ ယမ်း​ပေါက်ကွဲအားက ၁၀၇ တစ်စင်းထက် ၂၀ ရာခိုင်နှုန်းပိုပြင်းပြီး အနက် ဖောက်ထွင်းအားလည်း ပို​ကောင်းပါတယ်။ ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ရပါပြီ” လို့ NUG ကာကွယ်​ရေးဝန်ကြီး ဦးရည်မွန်က ညွှန်းဆိုခဲ့ပါသေးတယ်။

 

အဲဒီလို ဒရုန်းတွေနဲ့ နေပြည်တော်ကို ပထမဆုံးအကြိမ်တိုက်ခိုက်မှုမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အိမ်လည်း ပါဝင်တယ်လို့ သိရပါတယ်။ ထိခိုက်ပျက်စီးမှုအသေးစိတ်ကိုတော့ ထုတ်ပြန်ပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။

 

အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဒရုန်းခုနစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ စစ်ကောင်စီ သတင်းဌာန မြန်မာ့ရုပ်မြင်သံကြားက ထုတ်ပြန်ခဲ့ပါတယ်။

 

နေပြည်တော်ကို အခုလို တိုက်ခိုက်နိုင်ဖို့အတွက် လပေါင်းများစွာအချိန်ယူဆောင်ရွက်ခဲ့တယ်လို့ သိရပြီး PDF အထူးတပ်ဖွဲ့တွေနဲ့ ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်နဲ့ PDF အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ Lethal Ptop တပ်ခွဲက အေလာလေတပ်တွေကို အသီးသီး တိုက်ခိုက်နိုင်ခဲ့ကြတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

 

ဒီသတင်းနဲ့ ပတ်သက်လို့ ဒီမိုကရေစီလိုလားသူ ပြည်သူလူထုကြား အားပါးတရရှိခဲ့ကြတာကို လူမှုကွန်ရက်ပေါ်မှာ တွေ့မြင်ခဲ့ရသလို နေရာဒေသအတော်များများမှာလည်း အထူးတလည် သတင်းစကားပါးနေကြတာကိုလည်း ကြားသိခဲ့ရပါတယ်။

 

“အားရကျေနပ်မိပါတယ်”၊ “နွေပူပူမှာ ရွှေရင်အေးစရာသတင်းလေး”၊ “PDF တွေ နေပြည်တော်ရောက်လာကြပြီ”၊ “လမ်းများအားလုံးနေပြည်တော်သို့” စတဲ့ မှတ်ချက်တွေ လူမှုကွန်ရက်ပေါ် ပေးခဲ့ကြပါတယ်။

 

တော်လှန်ရေးအင်အားစုတွေဘက်က ပြောထားကြတဲ့ ‘လမ်းများအားလုံးနေပြည်တော်သို့’ လို့ ထုတ်ဖော်ပြောကြားထားတာကို တကယ်ပဲ အကောင်အထည်ဖော်လိုက်ပြီဖြစ်တဲ့အတွက် ပြည်သူအားလုံး ‘နေပြည်တော်ခရီး နီးပြီလား’ လို့ မျှော်လင့်ချင်စရာကောင်းခဲ့ကြပါတယ်။

****************************************

 

“ကရင်မြေမှာ စစ်ကောင်စီဗုံးသံတွေထက်ကျယ်ခဲ့တဲ့ ဖားစည်သံ”

 

နိုင်ငံအဝန်း စစ်မျက်နှာဖွင့်ပြီး မြေပြင်မှာ အရှက်တကွဲရှုံးနိမ့်နေရတဲ့ စစ်ကောင်စီဟာ လေကြောင်း တိုက်ခိုက်မှုကိုသာ အားပြုနေရတာပါ။ ဒါကြောင့် စစ်ကောင်စီဟာ အခုရက်သတ္တပတ်ထဲ သူတို့အားသာတဲ့ လေကြောင်း၊ လက်နက်ကြီးတို့နဲ့ ပြင်းပြင်းထန်ထန် ခုခံခဲ့ပေမဲ့လည်း ကရင်ဒေသက အရေးပါတဲ့ စစ်ဗျုဟာကုန်းတွေကို ထပ်မံလက်လွှတ် ဆုံးရှုံးခဲ့ရပါတယ်။

 

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခုခံနေတဲ့ကြားက ဧပြီ ၅ ရက် သောကြာနေ့မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေဆီကို မြဝတီမြို့နယ် သင်္ဃန်းညီနောင်ဒေသက ညီနောင်ဗျူဟာကုန်းနဲ့ ခမရ(၃၅၇)တပ်ရင်းတို့ကို ထပ်မံလက်လွှတ်ပေးခဲ့ရပါတယ်။ အဲဒီတိုက်ပွဲတွေထဲ စစ်ကောင်စီတပ်သား အများပြားသေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

 

ညီနောင်ဗျူဟာကုန်းနဲ့ ခမရ(၃၅၇)တပ်ရင်း သိမ်းပိုက်ခံရတဲ့အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီ ထောက်ခံသူ လော်ဘီချန်နယ်တွေမှာ စခန်းမှ တပ်ဖွဲ့တွေ ခေတ္တသာဆုတ်ခွာပေးရတာဖြစ်ပြီး တပ်ကူတွေ လေကြောင်းအင်အားတွေ ဖြည့်တင်းပြီးနောက် ပြန်လည်သိမ်းယူမှာဖြစ်တဲ့အတွက် အချိန်ခဏစောင့်ဆိုင်းဖို့ လိုအပ်တယ်လို့ ရေးသားဖြန့်ဝေမှုတွေ ပြုလုပ်ခဲ့ပါတယ်။

 

မြဝတီနဲ့ သင်္ဃန်းညီနောင်က ခမရ (၃၅၅)နဲ့ (၃၅၆)တပ်ရင်းတွေနဲ့ သင်္ဃန်းညီနောင်ရဲစခန်းတို့ကို မတ်လ ၇ ရက်နေ့ကတည်းက ပူးပေါင်းတပ်ဖွဲ့ဝင်တွေက သိမ်းပိုက်ထားတာပါ။

 

အခု ဧပြီပထမဆုံးပတ်ထဲ ကော်ဘရာစစ်ကြောင်းဦးဆောင်မှုနဲ့ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ သင်္ဃန်းညီနောင်မြို့အပြင် မြဝတီမြို့မှာလည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်နေတယ်လို့ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ PDF ရဲဘော်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဗျူဟာကုန်း သိမ်းပိုက်ပြီးနောက် လက်ရှိမြေပြင်မှာ သင်္ဃန်းညီနောင် ဒေသအခြေစိုက် ခြေလျင်တပ်ရင်း တစ်ခုဖြစ်တဲ့ ခလရ-၂၇၅ တပ်နေရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ လက်အောက်ခံတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲမှုကြောင့် မြဝတီမြို့အစွန် ရပ်ကွက်တွေမှာ မီးလောင်ပျက်စီးမူတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

“သင်္ဃန်းညီနောင်က တပ်တွေ အကုန်ကျသွားပြီဆို မြဝတီပါရတော့မယ်။ ဘာမှမရှိတော့ဘူး” လို့ ​မြဝတီ​ဒေသခံတစ်ဦးက ပြောပါတယ်။

 

တစ်ဆက်တည်းမှာပဲ ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအပြင် လက်နက်ကြီးနဲ့ ဒရုန်တွေ အသုံးပြုတိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

 

ကော့ကရိတ်မြို့ကို PDF ပူးပေါင်းစစ်ကြောင်းတွေက တစ်မြို့လုံး ဝိုင်းပတ်ပိတ်ဆို့မှုပြုလုပ်အပြီး မြို့လယ်ရှိ အမှတ်(၉၇) ခြေလျင်တပ်ရင်းဌာနချုပ် ဗျူဟာကုန်းနဲ့ ရဲစခန်းတို့ကို တိုက်ခိုက်နေတာလို့ သိရပါတယ်။

****************************************

 

“ခြံစည်းရိုးမီးပွိုင့်တွေ နီလိုက်တဲ့ စစ်ကောင်စီ”

 

စစ်မှုထမ်းဥပဒေနဲ့ စစ်ကောင်စီရန်ကို ရှောင်ရှားဖို့ ဂိတ်ပေါက်အမျိုးမျိုးကနေ နိုင်ငံခေတ္တစွန့်ခွာဖို့ ကြိုးစားနေသူတွေကို စစ်ကောင်စီက တားဆီးဖို့ အစွမ်းကုန်လုပ်ဆောင်နေတာပါ။

 

ဒီတစ်ပတ် ဧပြီ ၄ ရက် ကြာသာပတေးနေ့မှာတော့ စစ်ကောင်စီဘက်က မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်နဲ့ မြန်မာ-အိန္ဒိယနယ်စပ်ဂိတ်ပေါက်တွေက မီးပွိုင့်တွေကို အနီပြလိုက်ပါပြီ။

 

အဲဒါကတော့ မေလ ၁ ရက်ကစလို့ မြန်မာနယ်စပ်ဂိတ်တွေကနေ စစ်ကောင်စီက အထူးပြုလုပ်ထားတဲ့ ဂဏန်းဆယ်လုံးပါ Unique Identity Number(UID)လက်မှတ်တွေပြသနိုင်မှ ထွက်ခွာခွင့်ပြုတော့မယ်လို့ ထုတ်ပြန်လိုက်တာကြောင့် ဖြစ်ပါတယ်။

 

အသက် ဆယ်နှစ်နဲ့အထက်ရှိသူတွေဟာ UID လက်မှတ်ပြသနိုင်မှသာ နယ်စပ်ဝင်/ထွက် ဂိတ်တွေကနေတစ်ဆင့် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်(TBP)၊ ပုံမှန်ဖြတ်ကျော်ခွင့်(BP)လက်မှတ်တွေ ရရှိတော့မှာ ဖြစ်ပါတယ်။

 

အဓိက တရားဝင်နယ်စပ်ဂိတ်တွေထဲက ပထမဆုံး မီးနီပြသွားတာကတော့ မြန်မာ-ထိုင်း နယ်စပ်ဂိတ်ပေါက်ဖြစ်ပါတယ်။ ကြာသာပတေးနေ့ကစလို့ အဲဒီစစ်ဆေးရေးဂိတ်မှာ စအဖလို့ အတိုခေါက်ခေါ်ကြတဲ့ စုံစမ်းထောက်လှမ်းရေးအဖွဲ့က အရာရှိတစ်ဦး ရုံးလာထိုင်ပြီး တင်းတင်းကြပ်ကြပ် စစ်ဆေးမှုပြုခဲ့ပါတယ်။

 

နေ့ချင်းဆိုသလို စစ်ကောင်စီရဲ့ မတရားဥပဒေပုဒ်မ ၅၀၅(က)မှတ်တမ်းရှိသူနှစ်ယောက် ဖမ်းဆီး ခံလိုက်ရပါတယ်။

 

UID ကတ်နဲ့ဖြတ်ကျော်ခွင့်ပေးမယ့်ကိစ္စနဲ့ပတ်သက်ပြီး နယ်စပ်ဂိတ်တွေကနေ အဝင်အထွက်လူဦးရေ စာရင်းဇယားတိကျစွာ ရရှိနိုင်ဖို့၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအတုတွေ၊ အသုံးမပြုတဲ့ ကတ်တွေနဲ့ သွားလာမှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက်လို့ စစ်ကောင်စီ လဝက က အကြောင်းပြပါတယ်။