ယောဒေသမှာ စပါးထွက်နှုန်းတိုးပေမယ့် ဈေးနှုန်း ကျဆင်းမှုကြောင့် ဝယ်လက်မရှိဘဲ တောင်သူတွေ အရှုံးပေါ်

Author CJ Platform
Categories
Published on Feb 07, 2026

မကွေးတိုင်း၊ ဂန့်ဂေါ၊ ဆော၊ ထီးလင်းတို့တွင် ၂၀၂၅ ခုနှစ်အကုန်၊ ၂၀၂၆ ခုနှစ်အကူးမှာ ဆန်စပါးဈေးနှုန်း ကျဆင်းလာမှုကြောင့် တောင်သူတွေအနေနဲ့ ယခင်နှစ်များထက် စပါးအထွက်နှုန်းတိုးပေမယ့် ဝယ်လက်မရှိဘဲ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

 

ထီးလင်းမြို့နယ်မှာ ဆန်တစ်တင်းကို လက်ရှိပေါက်ဈေး ၄၈,၀၀၀ ကျပ်သာရှိပြီး စပါးတစ်တင်းကို ၂၀,၀၀၀ ကျပ်သာ ရှိနေပါတယ်။ ၂၀၂၅ ခုနှစ်အစတွင် ဆန်တစ်တင်းကို ၇၅,၀၀၀ ကျပ်ရှိပြီး စပါးတစ်တင်းကို ၃၅,၀၀၀ ကျပ် ရှိခဲ့တာဖြစ်ပါတယ်။

 

“လက်လုပ်လက်စား ဝယ်စားသူတွေကတော့ ဆန်ဈေး၊ စပါးဈေးကျလို့ အဆင်ပြေကြပေမယ့် ဆန်စပါးရောင်းချကြတဲ့သူတွေအတွက်ကျတော့ ဒီနှစ် ဆန်စပါးဈေးက အရှုံးပေါ်ပါတယ်” ဟု ထီးလင်းမြို့နယ်အတွင်းရှိ တောင်သူလုပ်ငန်းလုပ်ကိုင်သူ ဒေသခံပြည်သူ ဒေါ်ပေါပေါက ပြောပါတယ်။

 

ထီးလင်းမြို့နယ်အတွင်းရှိ တောင်သူအများစုသည် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြပြီး အခြားအစားထိုးသီးနှံများမှာလည်း ရာသီဥတုဖောက်ပြန်မှုကြောင့် ရောင်းချနိုင်လောက်အောင် ဖြစ်ထွန်းခြင်းမရှိကြောင်း သိရပါတယ်။

 

ကျောက်ထုမြို့နယ်မှာတော့ ဆန်တစ်တင်းကို လက်ရှိပေါက်ဈေး ၅၀,၀၀၀ ကျပ်ရှိပြီး စပါးတစ်တင်းကို လက်ရှိပေါက်ဈေး ၂၀,၀၀၀ ကျပ်သာ ရှိပါတယ်။

 

“ဒီနှစ် ဆန်စပါးဝယ်မယ့်သူ မရှိကြဘူး။ ကြက်သွန်ဖြူလည်း ဝယ်သူမရှိ၊ မြေပဲလည်း ဝယ်သူမရှိ။ မြေဆီတွေက ဈေးကြီးတော့ တောင်သူတွေ ဒုက္ခရောက်တာပေါ့” လို့ ကျောက်ထုဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။

 

မကွေးတိုင်း၊ ယောဒေသတွင် စစ်အုပ်စု အာဏာသိမ်းပြီးတဲ့အချိန်မှစပြီး မြေဆီဈေးနှုန်းများ တစ်ရိပ်ရိပ်တက်လာခဲ့ပြီးနောက် ယခုလက်ရှိ မြေဆီတစ်အိတ်ကို ၁၅၀,၀၀၀ ကနေ ၁၈၀,၀၀၀ ကျပ်ဝန်းကျင်ရှိပြီး လုပ်သားငှားရမ်းခ၊ စက်သုံးဆီဈေး မြင့်တက်မှု၊ စပါးခြွေလှေ့စက် ငှားရမ်းခ မြင့်တက်မှုများကြောင့် ယခုနှစ် ဆန်စပါးဈေးအရ အရှုံးပေါ်နေကြောင်း သိရပါတယ်။

 

“ရောင်းရင်တောင် ဝယ်မယ့်သူမရှိဘူး။ စပါးဈေးက မနှစ်က နှစ်ကုန်ခါနီးမှ ထိုးကျတာ။ လုပ်အားခနဲ့ အချိန်ပေးရတာတွေ မပါသေးဘူး။ လေကြောင်းကြောက်ရတာက တစ်မျိုး၊ စစ်ကြောင်းကြောက်ရတာ တစ်မျိုးနဲ့ဆိုတော့ တောင်သူ ဖြောင့်ဖြောင့်မလုပ်နိုင်တဲ့အခါ ပိုဆိုးတာပေါ့ဗျာ” လို့ ဒေသခံပြည်သူတစ်ဦးဖြစ်သူ ဦးမိုးမိုးက ပြောပါတယ်။

 

တရိပ်ရိပ်တက်လာသော မြေဆီဈေးနှုန်းကြောင့် စပါးစိုက်ခင်းများတွင် မြေဆီထည့်မသုံးနိုင်တော့တဲ့ တောင်သူတွေဟာ သဘာဝမြေဩဇာအဖြစ် နွားကျင်ငယ်ရည်ဖြန်းကာ အသုံးပြုလာကြကြောင်းလည်း သိရပါတယ်။

 

“စိုက်ပျိုးရေးသင်တန်းမှာ သိရတာ၊ နွားကျင်ငယ်ရည်ဖြန်းရတယ်ဆိုလို့။ ဒါပေမယ့် ဝယ်ရတာနဲ့ကတော့ မတူဘူးပေါ့ဗျာ။ ငွေကြေးမတတ်နိုင်တော့ နည်းအသစ်ရှာကြရတာပေါ့။ နွားကျင်ငယ်ရည်ဖြန်းတာလည်း သီးနှံတွေ မဆိုးဘူးဗျ လှတယ်” လို့ ထီးလင်းမြို့နယ်က ဒေသခံပြည်သူ ဦးမိုးဆွေက ပြောပါတယ်။

 

ယောဒေသတွင် စပါးပေါ်ချိန်မှာ ယခင်နှစ်က စပါးအဟောင်းကို ရောင်းချကြပြီး စားဝတ်နေရေးဖြေရှင်းကြပေမယ့် ဒီနှစ်တွေမှာ စပါးဈေးကောင်းမရတာကြောင့် လက်ဖျားငွေမသီးပေမယ့် တစ်ရိပ်ရိပ် တက်လာနေတဲ့ အခြေခံ စားသောက်ကုန်စည် ဈေးနှုန်းတွေကြောင့် ဘဝရပ်တည်ရေးဟာ ပိုကြပ်တည်းလာရတယ်လို့ ဆိုပါတယ်။

 

“ကိုယ့်ဆီကထွက်တဲ့ တောင်သူထွက်ကုန်က ဈေးမကောင်းပေမယ့် ကိုယ့်ဆီဝင်လာတဲ့ သွင်းကုန်တွေကျ ဈေးက တစ်ခေါက်နဲ့တစ်ခေါက် မတူအောင် တက်တယ်။ ကြက်ဥတစ်လုံး ၆၀၀၊ ကော်ဖီတစ်ထုပ် ၇၀၀၊ ယမ်ယမ်တစ်ထုပ် ၁၀၀၀ ပေးဝယ်နေရတယ်။ တောင်သူဘဝတွေက မချောင်လည်လှပါဘူး။ စိုက်ပျိုးရေး အဓိကထားတဲ့နိုင်ငံဆိုပေမယ့် တောင်သူလက်ဖျား ရွှေသီးတယ်ဆိုတာ ငါတို့ဘဝတော့ မကြုံဖူးသေးဘူး” လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

 

မကွေးတိုင်း၊ ဆောမြို့နယ်မှာတော့ စပါးတစ်တင်းကို လက်ရှိပေါက်ဈေး ၂၅,၀၀၀ ကနေ ၂၈,၀၀၀ ကျပ်ရှိပြီး ဆန်တစ်တင်းကို ၇၅,၀၀၀ ကျပ် ရှိတယ်လို့ သိရပါတယ်။ ၂၀၂၅ ခုနှစ်မှာတော့ စပါးတစ်တင်း ၂၀,၀၀၀ ကျပ်၊ ဆန်တစ်တင်း ၆၀,၀၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့တာဖြစ်ပါတယ်။

 

“ဆန်ဈေး စပါးဈေး ဈေးတက်ပေမယ့် ကျွန်မတို့ဘက်မှာက ဝယ်လက်မရှိပါဘူး။ တခြားသီးနှံဖြစ်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဝယ်မယ့်သူမရှိဘူး။ စွန့်ပစ်ဖို့တောင် လူငှားပြီး စွန့်ပစ်နေရတယ်” လို့ ဆောမြို့နယ် ဒေသခံပြည်သူတစ်ဦးဖြစ်သူ မအိယဉ်က ပြောပါတယ်။

 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးဖောင်းပွလာတာ၊ အခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်တက်လာတာ၊ မြေဆီမြေဩဇာဈေးနှုန်း အဆမတန် မြင့်တက်ခဲ့သော်လည်း စပါးဈေးမှာ သိသိသာသာ မြင့်တက်လာခြင်း မရှိတဲ့အပြင် စိုက်ပျိုးထားတဲ့ စပါးတွေ ရောင်းမထွက်တာကြောင့် တောင်သူတွေအနေနဲ့ ပိုမိုခက်ခဲလာတာလည်း ဖြစ်ပါတယ်။

 

အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်မှာ ငွေကြေးဖောင်းပွမှု ၄ ဆဝန်းကျင် တက်လာတာ၊ စိုက်ပျိုးရေးသွင်းအားစုဈေးတွေ ကြီးမြင့်လာတာ၊ မြေဩဇာဈေး၊ စက်သုံးဆီ၊ လုပ်သားခတွေ မြင့်တက်လာတာကြောင့် တောင်သူတွေအနေနဲ့ နှစ်တိုင်းနီးပါး အရှုံးပေါ်နေကြောင်း သိရပါတယ်။