ကိုယ်စားလှယ်လောင်း ၄၉ ဦး၊ သတ်မှတ်အရည်အချင်း မပြည့်မီတာကြောင့် ပယ်ဖျက်ကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင် ကြေညာ

Author CJ Platform
Categories
Published on Feb 07, 2026

 

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေထဲက ၄၉ ဦးကို ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်တွေ မပြည့်မီတာကြောင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကနေ ပယ်ဖျက်ကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင် ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်မှာ ထုတ်ပြန်ကြေညာလာပါတယ်။

 

ထိုင်းရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ထားတဲ့ ကိုယ်စားလှယ်လောင်း ၄၉ ဦးထဲမှာ နာမည်ကြီး ဖွေထိုင်းပါတီ (Pheu Thai) က ကိုယ်စားလှယ်လောင်း ၂ ဦးလည်း ပါဝင်နေပြီး ပါတီပေါင်း ၂၃ ပါတီကနေ သက်ဆိုင်ရာနယ်မြေအလိုက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒါဇင်နဲ့ချီကို ပယ်ဖျက်ခဲ့တာလည်း ဖြစ်ပါတယ်။

 

မနက်ဖြန် ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲမှာ မဲပေးမယ့် မဲဆန္ဒရှင်တွေအနေနဲ့လည်း ပယ်ဖျက်ခံထားရတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ စာရင်းကို အထူးသတိထားဖို့ ထိုင်းရွေးကောက်ပွဲကော်မရှင်ကလည်း သတိပေးတိုက်တွန်းထားပြီး ပယ်ဖျက်ခံထားရသူတွေကို မဲပေးမိရင် ပယ်မဲဖြစ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ထိုင်းရွေးကောက်ပွဲမှာ နယ်မြေအလိုက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၁၈ ဦးနဲ့ အချိုးကျကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၃၁ ဦးတို့ကို သတ်မှတ်အရည်အချင်းတွေ မပြည့်မီတာကြောင့် ပယ်ဖျက်ဖို့ ထိုင်းဗဟိုတရားရုံးက အကြောင်းကြားခဲ့တာ ဖြစ်တယ်လို့လည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့တာပါ။

 

အခုပယ်ဖျက်ခံရမှုဟာ သက်ဆိုင်ရာပါတီတွေကို ထိခိုက်မှုမရှိဘဲ ရွေးကောက်ပွဲ ဆက်လက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်တာကြောင့် မဲဆန္ဒရှင်တွေအနေနဲ့ ပါတီတွေကို ဆက်လက်မဲပေးနိုင်တယ်လို့လည်း ထိုင်းရွေးကောက်ပွဲကော်မရှင်က ပြောကြားထားပါတယ်။

 

ဓာတ်ပုံ – Khaosod