ရွေးကောက်ပွဲ အပိုင်း ၂ နဲ့ ၃ ကို ပိုကောင်းတဲ့ လုံခြုံရေး အစီအမံတွေနဲ့ လုပ်ဆောင်သွားမယ်လို့ စစ်အုပ်စုပြော


စစ်အုပ်စုရဲ့ အတုယောင် ရွေးကောက်ပွဲ အပိုင်း (၂)နဲ့ အပိုင်း (၃)ကို ပြည်ထဲကရေးက ဦးဆောင်ပြီး ပိုကောင်းတဲ့ လုံခြုံရေး အစီအမံတွေနဲ့ လုပ်ဆောင်သွားမယ်လို့ စစ်အုပ်စုရဲ့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဌ ပြည်ထဲရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။

 

စစ်အုပ်စုရဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှာ ဇန်နဝါရီ ၆ရက်နေ့က ကျင်းပခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီ အစည်းဝေးမှာ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အခုလို ပြောကြားခဲ့တာဖြစ်တယ်လို့ ဒီကနေ့ ဇန်နဝါရီ ၇ ရက်ထုတ် စစ်အုပ်စု ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

 

“ရွေးကောက်ပွဲ အပိုင်း(၁) ကျင်းပပြုလုပ်ခဲ့စဉ်က ကြုံတွေ့ခဲ့ရသည့် အားနည်းချက်များကို ပြန်လည်သုံးသပ်၍ ပိုမိုလုံခြုံစိတ်ချ ကောင်းမွန်သော လုံခြုံရေးဆိုင်ရာ အစီအမံများကို ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနအနေဖြင့် တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ကြရမည်” လို့ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။

 

စစ်အုပ်စုဟာ သူတို့ရဲ့ ရွေးကောက်ပွဲကို ဝေဖန်မှု လုပ်ဆောင်ခဲ့သူတွေကို ဖမ်းဆီးအရေးယူမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေခဲ့ပြီး အခု ဇန်နဝါရီ ၅ရက်နေ့အထိ ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ထားသူ သုံးရာကျော်ထိ ရှိနေတယ်လို့ စစ်အုပ်စုရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ အပိုင်း(၂)နဲ့ (၃) ဆက်လက် ကျင်းပချိန်မှာ မဲပုံးတွေကို ရဲနဲ့တပ်က လုံခြုံရေးယူပေးထားမှာကြောင့် အနီတွေ မလာရဲဘဲ အစိမ်းတွေပဲ လာမှာကြောင့် အစိမ်းတွေပဲ အနိုင်ရလိမ့်မယ်လို့ ကြံ့ခိုင်ရေးပါတီက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်လောင်း ဦးလှဆွေက  ၂၀၂၅ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြောကြားထားဖူးပါတယ်။

 

ဓာတ်ပုံ – Pro-SAC