Author ကိုထားဝယ်
Categories
Published on Oct 28, 2023

ယခုအပတ်(အောက်တိုဘာ ၂၂ မှ ၂၈ ရက်အထိ)အတွင်း အညာဒေသ စစ်ကိုင်းထက် ရှမ်းပြည်နယ် (မြောက်ပိုင်း)က ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေက ရှေ့ရောက်ခဲ့ပါတယ်။ ဒါ့အပြင် ကရင်ပြည်က KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေရဲ့ ကော့ကရိတ်တိုက်ပွဲကလည်း ပြင်းထန်ခဲ့ပါတယ်။

 

နိုင်ငံတကာသတင်း‌တွေမှာဆိုရင် သုံးပတ်ကျော်ကြာမြင့်လာခဲ့ပေမယ့် အစ္စရေး-ဟားမက်စ်သတင်းတွေက ထိပ်တန်းရောက်နေဆဲဖြစ်သလို အမေရိကန်အောက်လွှတ်တော်အမတ် ရွေးချယ်နိုင်ခဲ့တဲ့သတင်း၊ အမေရိကန် မိန်းပြည်နယ်မှာ လူ ၁၈ ယောက် ပစ်သတ်ခံရတဲ့သတင်းတွေက ထူးခြားခဲ့ပါတယ်။

 

စုစည်းရေးသားသူ- ကိုထားဝယ်

 

ထိပ်တန်းရောက် ပြည်တွင်းသတင်းများ

 

“သမိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး”

****************************************

 

အောက်တိုဘာ ၂၇ ရက်ကို အစွဲပြုလို့ ၁၀၂၇ စစ်ဆင်ရေးဆိုပြီး အမည်တပ်ထားတဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးဟာ ၂၀၂၃ ခုနှစ်အတွင်း မြန်မာ့သမိုင်းမှတ်တမ်းထဲက အမှတ်ရစရာ နေ့စွဲတစ်ခုဖြစ်ခဲ့ပါတယ်။

 

လက်နက်အားကိုးနဲ့ အနိုင်ကျင့် အာဏာရယူခဲ့တဲ့ စစ်ကောင်စီတပ်တွေကို မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နဲ့ ရခိုင့်တပ်တော် AA တို့က ရှမ်းပြည်နယ်(မြောက်ပိုင်း)တခွင် တိုက်စစ်ဖွင့်ခဲ့ကြပါတယ်။

 

သူတို့ဟာ အွန်လိုင်းလိမ်လည်လုပ်ငန်း‌ ကျာဖြန့်တွေကိုနှိမ်နင်းနိုင်ဖို့နဲ့ အာဏာရှင်စနစ်အမြစ်ပြတ်ရေးလို့ ခေါင်းစဉ်တပ် တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ကြတာပါ။

 

ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ကောင်စီ ပစ်မှတ် ၁၀ ခုထက်မနည်းကို ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက် ၃ ဖွဲ့က အငိုက်ဖမ်း တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ အတုန်းအရုန်းသေဆုံးခဲ့ကြပါတယ်။

 

အောက်တိုဘာ ၂၇ တစ်ရက်တည်း ညီနောင်သုံးဖွဲ့ထဲက TNLA က စစ်ကောင်စီတပ်စခန်း ၆ ခုအထိ သိမ်းနိုင်ခဲ့တယ်လို့ တအာင်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိခဲ့ရပါတယ်။

 

သူတို့ဟာ လားရှိုးမြို့နယ်ထဲက မိုင်းကျက်နဲ့ တိန်းတတ်စခန်းတွေကို မနက် ၅ နာရီခွဲခန့်မှာလည်းကောင်း၊ မွန်းလွဲ ၁၂ နာရီမှာ တိန်းတန်စခန်းကိုလည်းကောင်း သိမ်းပိုက်နိုင်ခဲ့တာပါ။ တိန်းတန်စခန်းကနေ သေနတ် ၁၄ လက်၊ RPG ၁ လက်၊ 60MM ၂ လက်၊ စက်လက်အကြီး ၁ လက်၊ လက်ပစ်ဗုံး ၂၀၀ လုံး၊ RPG ကျည် ၃၀ လုံး၊ 60MM ကျည် ၅၀ လုံး၊ မိုင်း၊ ကျည်ဆံအများအပြားကို TNLA ဘက်က သိမ်းဆည်းရရှိခဲ့ပါတယ်။

 

အလားတူပဲ နမ့်ခမ်းမြို့နယ် နမ့်ခမ်း-နမ့်ဖတ်ကာ ကားလမ်းရှိ စစ်ကောင်စီရဲ့ ၁၂ နဲ့ ၁၃ မိုင်တပ်စခန်းနှစ်ခုအပြင် မန်မိုင်တပ်စခန်း(မိုက်ခရိုဝိတ်တာဝါတိုင်တပ်စခန်း)ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်က ၁၈ ဦးသေဆုံးခဲ့သလို သေနတ် ၁၇ လက် သိမ်းယူရရှိခဲ့ပြန်ပါတယ်။

 

ကိုးကန့်တပ် MNDAA ရဲ့ တပ်မဟာ ၂၁၁၊ ၅၁၁၊ ၆၁၁ တို့ဟာ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိုးနဲ့ နန်ကျွမ်းဒေသကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ရေးအရ အဓိကကျတဲ့နေရာတွေကို သိမ်းပိုက်နိုင်ခဲ့သလို ချင်းရွှေဟော်တစ်မြို့လုံးကိုလည်း ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီမြောက်ပိုင်းတိုက်ပွဲတွေမှာ စစ်တပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီးတွေအသုံးပြုတိုက်ခိုက်ခဲ့ပေမယ့် ညီနောင်သုံးဖွဲ့ဘက်က အကျအဆုံးရှိမရှိကို မသိရသလို အဲဒီအဖွဲ့တွေနဲ့ စစ်ကောင်စီဘက်က တစ်စုံတရာ ထုတ်ပြန်တာမျိုးမရှိခဲ့ပါဘူး။

 

မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့(NUG)ကို ကြိုဆိုသလို ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေကလည်း တသားတည်းရှိကြောင်း အသီးသီးထုတ်ပြန်ပြောကြားခဲ့ကြပါတယ်။

 

အဲဒီထဲ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)က စစ်ကြောင်းနှစ်ခုနဲ့အတူ ၁၀၂၇ စစ်‌ဆင်ရေးမှာ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ကလည်း မြောက်ပိုင်းညီနောင်အဖွဲ့တွေနဲ့ တသားတည်းရှိသလို “တောင်သမန်စစ်ဆင်ရေး”အမည်နဲ့ ပါဝင်တိုက်ခိုက်သွားမယ်လို့ ကြေညာပါတယ်။

 

အောက်တိုဘာ ၂၈ ရက်မှာတော့ စစ်တပ်ဘက်က ချင်းရွှေဟော်မြို့ကို လေယာဉ်နဲ့ဗုံးြကဲတာတွေ မနက်အစောပိုင်းကတည်းက ပြုလုပ်ခဲ့ကြပါတယ်။

 

CJ Platform က စာရင်းပြုစုထားတဲ့စာရင်းအရ ရှမ်းမြောက်တိုက်ပွဲတွေထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ကလေးသုံးဦးအပါအဝင်   လေးဦးသေဆုံးပြီး ၆ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 

 

“ရှမ်းမှာ ထတော့ ကရင်မှာ ကြွ”

****************************************

 

ရှမ်းမြောက်မှာ ညီနောင်သုံးဖွဲထတိုက်နေလို့ စစ်ကောင်စီတပ်တွေမျက်လုံးပြူးတုန်းရှိသေး ကရင်ပြည်နယ်ဘက်မှာလည်း ကရင်တပ်တွေက ကြွလို့ စစ်ကောင်စီစခန်းတွေ သိမ်းပိုက်ချေမှုန်းခံလိုက်ရပါတယ်။

 

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်သုံးဖွဲ့ အလစ်အငိုက်ဖမ်း ထိုးစစ်ဆင်တိုက်တဲ့ တချိန်ထဲမှာ ကော့ကရိတ်နဲ့ ‌ကျုံဒိုးမြို့နယ်ထဲမှာလည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို မီးရှို့ခဲ့ပါတယ်။

 

ပြင်းထန်တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ လက်အောက်ခံ စရဖရုံးနဲ့ ရဲသတင်းတပ်ဖွဲ့ရုံး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

 

မြို့နှစ်မြို့က ဒေသခံတွေကတော့ တိုက်ပွဲလွတ်ရာ ဘုန်းကြီးကျောင်းနဲ့ အိမ်တွေကလည်း ဗုံးခိုကျင်းတွေတူးပြီးနေထိုင်ခဲ့ကြရပါတယ်။

 

ကော့ကရိတ်မြို့တွင်း၊ မြို့ပြင်မှာ နှစ်ဖက် တိုက်ပွဲတွေ အောက်တိုဘာ ၂၇ ရက် မနက်အစောပိုင်းကနေ ညနေပိုင်းအထိ ဖြစ်ပွားခဲ့တာပါ။

 

အဲဒီတိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဘက်က သေဆုံးသူ၊ ဖမ်းမိထားသူတွေရှိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်း ရမိထားတယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေဆီက သိရပါတယ်။

 

နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်တဲ့အတွက် မြ၀တီမြို့ကနေ ဘားအံ၊ မော်လမြိုင်ထိ ကားလမ်းတွေလည်းပိတ်ထားခဲ့ရတဲ့အတွက် ကားတွေ လမ်းမှာရပ်နားထားခဲ့ရပါတယ်။

 

ဒါ့အပြင် ကော့ကရိတ်မြို့နယ် ချောင်းဆုံဘုန်းကြီးကျောင်းထဲ အင်အား ၇၀ လောက်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကျားဖြူစစ်ကြောင်း တပ်ခွဲ-၄ နဲ့ ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က တပ်ကြပ်ကြီးတစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာအများအပြားရရှိခဲ့ကြပါတယ်။

 

ထိပ်တန်းရောက်နိုင်ငံတကာသတင်းများ

 

တစ်ပတ်တာ အစ္စရေး-ဟားမက်စ်စစ်ပွဲ အခြေအနေ

****************************************

 

“ဂါဇာထဲ အစ္စရေး မြေပြင်ကနေ အပြင်းအထန်ဝင်ရောက်တိုက်ခိုက်”

****************************************

 

အစ္စရေးဟာ ဂါဇာမြောက်ပိုင်းထဲ လေကြောင်းကနေသာ လက်တုန့်ပြန်တိုက်ခိုက်နေခဲ့ရာမှ အောက်တိုဘာ နှောင်းပိုင်းမှာ မြေပြင်ကနေ ပြင်းထန်တဲ့ထိုးစစ်တစ်ခုစတင်ခဲ့ပါတယ်။

 

အစ္စရေးမြေပြင်စစ်ဆင်ရေးတပ်ဖွဲ့တွေနဲ့ တင့်ကားတွေဟာ အကြမ်းဖက်အဖွဲ့ဝင်တွေ၊ အဆောက်အဦးအတော်များများနဲ့ တင့်ကားဖျက် ဒုံးလက်နက်စင်တွေကို တိုက်ခိုက်ဖျက်ဆီးပြီး အစ္စရေးနယ်မြေထဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။ ဒီစစ်ဆင်ရေးဟာ နောက်ထပ်မြေပြင်တိုက်ပွဲအတွက် ပြင်ဆင်မှုဖြစ်တယ်လို့လည်း အစ္စရေးစစ်တပ်က ပြောပါတယ်။

 

ဟားမက်စ်တို့အနေနဲ့ အစ္စရေးကို တိုက်ခိုက်မှုတွေ မလုပ်နိုင်တော့အောင်အထိ စစ်ဆင်ရေးတွေ လုပ်သွားမယ်လို့ အစ္စရေးတာဝန်ရှိသူတွေက ပြောထားပါတယ်။

 

ဒီမြေပြင်တိုက်ခိုက်မှုကို စစ်ပွဲနောက်တစ်ဆင့်တက်ဖို့ ပြင်ဆင်တဲ့ စစ်ဆင်ရေးဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေးဌာနပြောခွင့်ရက ပြောကြားခဲ့ပါတယ်။

 

တင့်ကားတွေနဲ့ စစ်ကူယူပြီး ဂါဇာဒေသမြောက်ပိုင်းကို အကန့်အသတ်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးတပ်တွေဖက်က အကြမ်းဖက်သမားတွေကို သုတ်သင်နိုင်ခဲ့သလို ဟာမက်စ်တို့ရဲ့ အခြေခံအဆောက်အအုံတွေကိုလည်း ဖျက်စီးနိုင်ခဲ့ပါတယ်။ စစ်ပွဲနောက်တဆင့်အတွက် ပြင်ဆင်တဲ့အနေနဲ့ ဝင်ရောက်တိုက်ခိုက်တာဖြစ်ပါတယ်လို့ ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ်ကြီး Daniel Hagari ကပြောကြားခဲ့တာဖြစ်ပါတယ်။

 

အောက်တိုဘာ ၂၆ ရက် ညလုံးပေါက်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးစစ်တပ်တွေ ဂါဇာဒေသကနေ ချက်ချင်း တပ်ပြန်ဆုတ်ခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

 

အောက်တိုဘာ ၇ ရက်ထဲက ဟာမတ်စ်စစ်သွေးကြွတွေ ဖမ်းဆီးသွားတဲ့ ဓါးစာခံ ၂၂၄ ယောက် ကျန်နေသေးတယ်လို့လည်း သူကပြောပါတယ်။ စစ်ဆင်ရေးမှာ အရပ်သားထိခိုက်မှုနည်းအောင် ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းက ပါလက်စတိုင်းတွေကို တောင်ဘက်ကို ရွှေ့ပြောင်းခိုင်းထားပါတယ်။ ဒါပေမဲ့ ပြေးစရာမြေမရှိသူတွေအတွက် အစ္စရေးတို့ရဲ့ ကြိုတင်သတိပေးမှုက အလကားပဲလို့ ပါလက်စတိုင်းပိုင်နက်ဒေသဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Lynn Hastings က ကြေညာချက်ထုတ်ပြန်ပါတယ်။ ပါလက်စတိုင်းပြည်သူတွေအတွက် ဂါဇာဒေသထဲမှာ လုံခြုံတဲ့နေရာ မရှိဘူးလို့ သူက ဖော်ပြပြောဆိုပါတယ်။

 

အောက်တိုဘာ ၇ ရက်က ဟာမတ်စ်စစ်သွေးကြွတွေဘက်က အငိုက်ဖမ်း တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၄၀၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။ အစ္စရေးတို့ဘက်က လက်တုံ့ပြန်တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းဘက်မှာ ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် သေဆုံးသူ ၆ ထောင်ထက်မနည်း ရှိသွားပြီလို့ ဂါဇာကမ်းမြောင်ကို အုပ်ချုပ်တဲ့ ဟာမတ်စ်အဖွဲ့ဘက်က ပြောပါတယ်။ ဒီအရေအတွက်ကို အမေရိကန်တာဝန်ရှိသူတွေနဲ့ အစ္စရေးတို့ကတော့ မေးခွန်းထုတ်နေကြပါတယ်။ ဟာမတ်စ်အဖွဲ့ကို အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

 

 

“ဂါဇာလူထု ဆေးဝါး၊ ရိက္ခာ ပြတ်လပ်မှုကြောင့် သေဆုံးရဖွယ်ရှိနေပြီလို့ ကုလပြော”

****************************************

 

အစ္စရေးဘက်က တိုက်ခိုက်မှုတွေကြောင့် ဂါဇာမြောက်ပိုင်းကအရပ်သားတွေ အကြပ်အတည်းအတော်စိုက်နေပြီလို့ ကုလဘက်က ပြောပါတယ်။

 

ဂါဇာကမ်းမြောင်မှာ လူသားချင်းစာနာထောက်ထားမှု အခြေအနေက “လုံးဝပြိုကျ” တဲ့ အနေအထားနဲ့ ရင်ဆိုင်နေရပြီး လုံလောက်တဲ့ အကူအညီနဲ့ လောင်စာဆီမရရင် အရပ်သားတွေဟာ “မထင်မှတ်နိုင်တဲ့ အကျိုးဆက်တွေ” ကြုံတွေ့ရမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အန်ထိုနီယိုဂူတားရက်စ်က အောက်တိုဘာ ၂၇ ရက် သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။

 

မိနစ်နဲ့အမျှ အနိဌာရုံတွေက ပိုကြီးထွားလာနေပြီး အခြေခံကျကျ အပြောင်းအလဲ မလုပ်နိုင်ရင် ပြောင်းလဲမှုမရှိဘဲ ဂါဇာကမ်းမြောင်ဒေသက လူတွေဟာ မကြုံစဖူးတဲ့ ဒုက္ခ ဆင်းရဲတွေ ခံစားရမယ်လို့ ဆိုပါတယ်။ အီဂျစ်ရဲ့ ရာဖာနယ်စပ်ကတဆင့် ဂါဇာအတွက် အထောက်အပံ့ကုန်စည်တွေ တင်ပို့ရာမှာ တားမြစ် စိစစ်တဲ့စနစ်ကို အကြီးအကျယ် ပြုပြင် ပြောင်းလဲနိုင်မှသာ နောက်ထပ်ကူညီရေးယာဥ်တန်းတွေဟာ ဟားမက်စ်ထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြောင်ကို နှောင့်နှေးမှုမရှိဘဲ ဝင်ရောက်နိုင်မယ်လို့ ပြောပါတယ်။

 

“ကျနော်တို့ စကားတွေ ပြောနေတဲ့အချိန်မှာပါ ဂါဇာမှာ လူတွေ သေပွဲဝင်ရမယ့် အခြေအနေစိုက်နေပါပြီ” လို့လည်း ဂါဇာမှာ အဓိက ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ကုလသမဂ္ဂ ကယ်ဆယ်ရေးနဲ့ အလုပ်အဖွဲ့ UNRWA ရဲ့ အကြီးအကဲ ဖီလစ်ပီ လာဇာရီနီ Philippe Lazzarini က သောကြာနေ့ အစောပိုင်းက သတင်းထောက်တွေကို ပြောပါတယ်။

 

“သူတို့က ဗုံးတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် သေတာမဟုတ်ဘဲ မကြာခင်မှာ ဂါဇာကမ်းမြောင်ဒေသကို ဝိုင်းရံပိတ်ဆို့ထားတဲ့ အကျိုးဆက်တွေကြောင့် နောက်ထပ် အများအပြား သေဆုံးရတော့မှာ” လို့  Lazzarini  က ဆိုပါတယ်။

 

“အခြေခံဝန်ဆောင်မှုတွေ အားလုံးလည်း ပြိုပျက်သွားပြီး ဆေးဝါးနဲ့ အစာရေစာတွေ ကုန်သွားပြီ” လို့ သူက ပြောပါတယ်။

 

ဂါဇာမှာ လျှပ်စစ်မီး လုံးဝပြတ်တောက်နေတာလည်း ၁၈ ရက် ရှိနေပါပြီ။ နှစ်ပတ်ကြာ နိုင်ငံတကာစေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးနောက် ပထမဆုံး ကယ်ဆယ်ရေး အထောက်အပံ့တွေဟာ ဂါဇာကို  အောက်တိုဘာ ၂၁ ရက်က  ရောက်ရှိလာခဲ့ပါတယ်။ အစားအစာ၊ ရေနဲ့ ဆေးဝါးတွေ တင်ဆောင်ခဲ့တဲ့ ကုန်တင်ကား ၇၄ စီးဟာ ဒီသီတင်းပတ်ထဲမှာ ဂါဇာကို ဝင်ရောက်လာနိုင်ခဲ့ပေမယ့် လောင်စာဆီကတော့ လက်ကျန် မရှိတော့တဲ့ အခြေအနေ ဖြစ်နေတာပါ။ သောကြာနေ့မှာ နောက်ထပ် ကုန်ကားရှစ်စီး ထပ်မံရရှိဖို့  ကုလသမဂ္ဂက မျှော်လင့်ထားပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသမှာ လူ ၂ ဒသမ ၂ သန်းလောက်ရှိပြီး အခု စစ်ပွဲကြောင့် ၁ ဒသမ ၄ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

 

 

“ပါလက်စတိုင်းတွေကို ပြန်လွှတ်ပေးဖို့ အီရန်က အစ္စရေးကိုပြော”

****************************************

 

အစ္စရေးနယ်မြေထဲက ဖမ်းဆီးသွားတဲ့ အရပ်သားအကျဥ်းသားတွေကို ဟားမက်စ်အဖွဲ့က ပြန်လွှတ်ပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir Abdollahian က ပြောကြားလိုက်ပါတယ်။

 

ဒါကြောင့် အပြန်အလှန်အားဖြင့် အစ္စရေးမှာဖမ်းထားတဲ့ ပါလက်စတိုင်းလူမျိုး (၆,၀၀၀) ကိုလည်း ပြန်လွှတ်ပေးရလိမ့်မယ်လို့ သူက နိုင်ငံတကာအသိုင်းအဝိုင်းကို ပြောကြားလိုက်ပါတယ်။

 

အောက်တိုဘာ ၂၆ ရက် ကြာသပတေးနေ့ကကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အရေးပေါ်အစည်းအဝေးမှာ ဝန်ကြီး Abdollahian က အခုလို ပြောကြားလိုက်တာပါ။

 

ဂါဇာပဋိပက္ခအတွင်း အလွန်အရေးကြီးနေတဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး အားထုတ်မှုမှာ ကာတာ၊ တူရကီနိုင်ငံတွေနဲ့အတူ အီရန်ကလည်းပါဝင်လုပ်ဆောင်ဖို့ အဆင်သင့်ရှိနေကြောင်းလည်း သူက ပြောသွားပါသေးတယ်။

 

နိုင်ငံခြားသားတွေအပါအဝင် အစ္စရေးနိုင်ငံသား(၂၂၄) ဦးကို ဟားမက်စ်တို့က ဓါးစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ယုံကြည်ရပြီး ခုချိန်ထိ အဲဒီထဲက (၄) ဦးသာ ပြန်လွတ်လာသေးတာပါ။ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပစ်ခတ်မှုတွေကြောင့် ဂါဇာဘက်မှာ လူ (၇,၀၀၀) ကျော် သေဆုံးခဲ့ရပြီလို့ ဟားမတ်စ်ထိန်းချုပ်ထားတဲ့ ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီအရေအတွက်က ၂၀၁၄ ခုနှစ်ထဲ (၆)ရက်ကြာ ဂါဇာစစ်ပွဲအတွင်း သေဆုံးခဲ့တဲ့ အရေအတွက်ထက် (၃)ဆများနေတာပါ။

 

“ဟားမက်စ်ပစ်မှတ်တွေကို လေကြောင်းဆက်တိုက်နေဆဲ အစ္စရေး”

****************************************

 

အစ္စရေးဟာ ဂါဇာမြောက်ပိုင်းက နေရာ ၄၀၀ ကျော်ကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ပင်လယ်ကမ်းခြေမှာရှိတဲ့ ဒုက္ခသည်စခန်းအပါအဝင် လူ ရာပေါင်းများစွာသေခဲ့တယ်လို့ ပါလက်စတိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

 

လူ ၇၀၄ ယောက် အနည်းဆုံးသေဆုံးခဲ့ကြောင်း၊ ၂ ပတ်ကျော် ဒီ ပဋိပက္ခမှာ အနည်းဆုံး လူ ၅၈၀၀ ဦးနီးပါး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဌာနက ပြောပါတယ်။ ခုလို အသေအဆုံးများလာတဲ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ ချက်ချင်းအပစ်ရပ်လိုက်တာဟာ ဟားမက်စ်အဖွဲ့အတွက် အကျိုးရှိစေလိမ့်မယ်ဆိုပြီး အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပယ်ချလိုက်ပါတယ်။

 

ခုလို တိုက်ခိုက်မှုတွေက ပြင်သစ်သမ္မတ အီမန်နယူရယ် မက်ခရွန် အစ္စရေးကိုရောက်ရှိနေစဥ်မှာ ဖြစ်ခဲ့တာပါ။ မက်ခရွန်က အစ္စရေးကို ထောက်ခံလိုက်ပြီး ဖမ်းဆီးထားသူတွေ လွတ်မြောက်ရေးကို ဦးစားပေးအဖြစ် စဥ်းစားဖို့ အစ္စရေးသမ္မတကို ပြောပါတယ်။ အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အစ္စလာမ်စ် နိုင်ငံတော်(အိုင်အက်စ်)အဖွဲ့ကိုတိုက်ခိုက်နေတဲ့ နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့က ဟားမက်စ်ကိုလည်း တိုက်ခိုက်ဖို့ မက်ခရွန်က အစ္စရေးဝန်ကြီးချုပ်နဲ့ အတူလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အကြံပြုပြောသွားပါတယ်။

 

ဟားမတ်စ် အဖွဲ့ကို အစ္စရေး၊ ပြင်သစ်၊ အမေရိကန်နဲ့ တချို့နိုင်ငံတွေက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားကြတာပါ။

 

 

“အမေရိကန်လုံခြုံရေးတပ်ဖွဲ့တွေမဖမ်းမိသေးတဲ့ လူ ၁၈ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သူ”

****************************************

 

 

ရာပေါင်းများစွာသော ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကြာသပတေးနေ့က အမေရိကန် အရှေ့မြောက်ဘက်ခြမ်း Maine ပြည်နယ်အတွင်း ဖြန့်ချထားပြီး လူ ၁၈ ဦး သေဆုံးအောင် ပစ်ခတ်သွားတဲ့ သံသယရှိသူကို ဖမ်းမိနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

 

ဒီဖြစ်ရပ်က Lewiston မြို့ငယ်လေးမှာရှိတဲ့ ဘိုးလင်းပစ်ရုံ၊ ဘားနဲ့ အကင်ဆိုင်မှာဖြစ်ပွားခဲ့ပြီး အသက် ၄၀ အရွယ် သေနတ်သမားက ပစ်ခတ်သွားတာလို့ သံသယ ရှိနေတာပါ။

 

ဒါပေမဲ့ သံသယလူကို အောက်တိုဘာ ၂၈ ရက် သုံးရက်‌ေမြာက်တဲ့အထိ မမိသေးပါဘူး။

 

 

ရဲတပ်ဖွဲ့သတင်းအရ သေနတ်သမားဟာ Robert Card ဆိုသူဖြစ်ပြီး အရမ်းအန္တရာယ်ရှိသူအဖြစ် စဉ်းစားထားဖို့လိုတယ်လို့ မိန်းပြည်နယ်ရဲချုပ် William Ross က ပြောပါတယ်။ အကယ်၍ သူ့နဲ့ပက်ပင်းတိုးခဲ့ရင် သူ့ကို ခံချတာထက် ရဲကို ချက်ချင်းအကြောင်းကြားကြဖို့ ရဲချုပ် Ross က သတိပေးထားပါတယ်။

 

သေနတ်သမား Card ဟာ သေနတ်ပစ် လေ့ကျင့်ပေးရေးဆရာတစ်ဦးဖြစ်သလို အမေရိကန် အရန်တပ်ဖွဲ့ဝင်တစ်ဦးလည်း ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူ့နဲ့ပတ်သက်တဲ့ မကြာသေးခင် ဆေးမှတ်တမ်းအရ သူဟာ စိတ်ကျန်းမာရေး ချို့ယွင်းနေပြီး Bowling အားကစားဆိုင်တစ်နခုထဲ ဝင်သွားကာ တထောင့်ထိုး မောင်းပြန်သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာပါ။ အဲဒီနောက် ၁၂ မိနစ်အကြာမှာ အနီးဝန်းကျင်က Schemengees ဆိုတဲ့ ဘားနဲ့အကင်ဆိုင်ကို ထပ်ဝင်ပြီး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

 

Bowling ဆိုင်ပစ်ခတ်မှုအတွင်း ၇ ဦး သေဆုံးပြီး ဘားဆိုင်မှာ ၈ ယောက် သေဆုံးကာ အခြား ၃ ဦးကတော့ ဆေးရုံရောက်ချိန်မှာ သေဆုံးခဲ့ပါတယ်။ ဒီပစ်ခတ်မှုအတွင်း ဒဏ်ရာရသူ ၁၃ ဦး ရှိပါတယ်။

 

 

“သုံးပတ်ကြာပြီးနောက် အမေရိကန် အောက်လွှတ်ဥက္ကဋ္ဌနေရာ Mike Johnson ဖြစ်လာ”

****************************************

 

သုံးပတ်ကြာပိုင်ရှင်မဲ့နေတဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌနေရာကို ရီပတ်ဘလီကန်အောက်လွှတ်တော်အမတ် Mike Johnson က ရွေးချယ်ခံလိုက်ရပါတယ်။

 

အမေရိကန်ပြည်ထောင်စုရဲ့ထိပ်ဆုံးခေါင်းဆောင်မှုထဲမှာပါဝင်တဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌနေရာ ရွေးပွဲကို အောက်လွှတ်တော်မှာ မဲခွဲပြုလုပ်တဲ့အခါ မိုက်ခ်ဟာ ထောက်ခံမဲ ၂၂၀၊ ကန့်ကွက်မဲ ၂၀၉ မဲနဲ့ အနိုင်ရခဲ့တာပါ။ ဒီမိုကရက်ပါတီက အောက်လွှတ်တော်အမတ် ၂၀၉ ဦးစလုံးကတော့ အောက်လွှတ်တော်လူနည်းစုခေါင်းဆောင် Hakeem Jeffries ကို မဲပေးခဲ့ကြပါတယ်။

 

အသက် ၅၁ နှစ်အရွယ် အောက်လွှတ်တော်အမတ် Johnson ဟာ အောက်လွှတ်တော်သက်တမ်း သုံးကြိမ်တာဝန်ယူနေပြီး ရီပတ်ပလင်ကန်ပါတီတွင်း အဆင့်နိမ့်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။

 

သူဟာ တောင်ပိုင်း Louisiana ပြည်နယ်ကိုယ်စားပြု အမတ်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြောင်းပြန်လှန်ဖို့ ကြိုးစားပြီး သမ္မတဟောင်း Donal Trump ကို ဝိုင်းရံခဲ့တဲ့ ရီပတ်ဘလီကန်အမတ်တွေထဲက တစ်ဦးဖြစ်ပါတယ်။

 

အောက်လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် နောက်ဆုံးအခေါက် လျာထားခံခဲ့ရသူ အောက်လွှတ််တော်အမတ် Tom Emmer က ပြီးခဲ့တဲ့အင်္ဂါနေ့ နေလယ်ပိုင်းမှာ သူဝင်ရောက်ယှဉ်ပြိုင်မှုကနေ နုတ်ထွက်ခဲ့ပါတယ်။

 

အဲဒီနောက်မှာပဲ ရီပတ်ဘလီကန်တွေဘက်က Mike Johnson ကို အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အရွေးခံဖို့ လျာထားလိုက်ကြတာပါ။ ရီပတ်ဘလီကန်အမတ် ၈ ဦးနဲ့ ဒီမိုကရက်အမတ် ၂၁၂ ဦးတို့က ယခင်အောက်လွှတ်တော်ဥက္ကဋ္ဌ Kevin McCarthy ကို တာဝန်က ဖယ်ထုတ်လိုက်ပြီးနောက် အောက်တိုဘာလ ၃ ရက်နေ့ကတည်းက အောက်လွှတ်တော်ဥက္ကဋ္ဌနေရာ လစ်လပ်နေခဲ့တာပါ။

 

 

“ဝမ်ရီကို အိမ်ဖြူတော်မှာလက်ခံတွေ့တဲ့ အမေရိကန် သမ္မတ”

****************************************

 

စီးပွားရေးအားပြိုင်နေကြတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်တို့က ခေါင်းဆောင်တွေ သင့်မြတ်ကြဖို့ အမေရိကန် သမ္မတအိမ် အိမ်ဖြူတော်မှာ သောကြာနေ့က တွေ့ဆုံခဲ့ကြပါတယ်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ကြာသာပတေးနေ့က အမေရိကန်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

 

ဂျိုးဘိုင်ဒန်နဲ့ ဝမ်ရီတို့ကြားက ၁ နာရီကျော်ကြာတွေ့ဆုံဆွေးနွေးမှုမှာ ပထဝီနိုင်ငံရေးအရ ပြိုင်ဘက်နိုင်ငံကြီး နှစ်ခုကြား ပုံမှန် ဆက်သွယ်ရေး လမ်းကြောင်း ပြန်လည် ဖွင့်လင့်နိုင်ဖို့ အခွင့်အလမ်းကောင်းတစ်ရပ်ပါလို့ အိမ်ဖြူတော်က သတင်းထုတ်လာပါတယ်။

 

ဝမ်ရီဟာ ဂျိုး ဘိုင်ဒင်အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့လည်း သောကြာနေ့မှာ ဒုတိယအကြိမ်အဖြစ် ထပ်မံတွေ့ဆုံခဲ့ပါတယ်။

 

နှစ်နိုင်ငံကြား ကွဲလွဲမှုတွေ စေ့စပ်ညှိနှိုင်းနိုင်ဖို့အပြင် လာမယ့် နိုဝင်ဘာလထဲ ကျင်းပနိုင်ဖွယ်ရှိနေတဲ့ အမေရိကန် သမ္မတဘိုင်ဒန်နဲ့ တရုတ်သမ္မတ ရှီကျင်းဖျင်တို့ကြား ထိပ်သီး ဆွေးနွေးပွဲအတွက် နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

 

ဒီတွေ့ဆုံမှုကို အမေရိကန်ဘက်က မျှော်လင့်ထားတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျွန် ခါဘီက ပြောပါတယ်။

 

 

ဒါပေမဲ့ ရှေ့နိုဝင်ဘာလထဲ San Francisco မြို့မှာကျင်းပမယ့် အာရှ−ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတနှစ်ဦး သီးခြားတွေ့ဆုံဖို့ သဘောတူညီချက်ရထားပြီလား ဆိုတာကိုတော့ သူက မပြောပါဘူး။

 

တရုတ် အစိုးရဘက်ကလည်း အဲဒီ ထိပ်သီး ဆွေးနွေးပွဲကို သမ္မတရှီ တက်ရောက်မယ်၊ မတက်ရောက်ဘူးဆိုတာကို တရားဝင် ကြေညာတာ မရှိသေးပါဘူး။

 

သောကြာနေ့က သမ္မတ ဘိုင်ဒန်နဲ့ ဝန်ကြီး ဝမ်ရီတို့ တွေ့ဆုံပွဲကို နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့ အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန် Jake Sullivan တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

 

ဝန်ကြီး ဝမ်ရီရဲ့ ၃ ရက်ကြာ အမေရိကန် ခရီးစဉ်ဟာ သမ္မတဘိုင်ဒန် အစိုးရလက်ထက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝါရှင်တန်မြို့တော်ကို ပထမဆုံး လာရောက်တာ ဖြစ်ပါတယ်။

 

အမေရိကန်-တရုတ် ဆက်ဆံရေးဟာ ကုန်သွယ်ရေးမညီမျှမှု၊ တရုတ် အနောက်မြောက်ပိုင်းဒေသက ရှင်ကျန်း ဒေသက ဝီဂါ မွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေအပြင် တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးတင်းမာမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းအပေါ် တရုတ်ဘက်က ဖိအားတွေ မြင့်တက်လာမှုနဲ့ ကူးစက်ရောဂါလို ကိစ္စရပ်တွေကြောင့် ၂၀၁၈ ခုနှစ်ကတည်းက ဆိုးရွားနေတာပါ။