ဖားကန့်က ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ် အပါအဝင် ၉ ဦး သေဆုံး

Author CJ Platform
Categories
Published on Jun 07, 2025

ကချင်ပြည် ဖားကန့်မြို့နယ် ခွန်ဆာကုန်း (ခ) ငြိမ်းချမ်းသာယာကျေးရွာအပိုင်း (၃) ကို ယမန်နေ့ ဇွန်လ ၆ ရက်နေ့ ည ၉ နာရီကျော်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ကျောက်မြတ်တူးဖော်ရေး လုပ်ငန်းသုံး ဖောက်ခွဲရေးပစ္စည်းများ (ယမ်းများ) ထားရာ အဆောက်အအုံကို ပစ်ခတ်တိုက်ခိုက်လို့ ကလေးငယ် ၂ ဦး အပါအဝင် ၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ယမ်းသိုလှောင်ရာ အဆောက်အအုံကို ကျရောက်ခဲ့ပြီး ပေါက်ကွဲပြီးနောက် နောက်တစ်ကြိမ် ထပ်မံပေါက်ကွဲကာ ပေ (၅၀၀) ဝန်းကျင် ထိခိုက်ခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

“ဒရုန်းကချတဲ့ လက်နက်ကြီးကျည်လား ဟောင်ဝပ်ဇာက ပစ်တဲ့ လက်နက်ကြီးလားတော့ မသိဘူးဗျာ။ လက်နက်ကြီးကျတာတော့ ဟုတ်တယ်။ ပထမတစ်ချက်ကွဲတယ်၊ ကွဲပြီးမှ ယမ်းထားတဲ့ ဂိုထောင်ပေါ်ကျတာဆိုတော့ နောက်တစ်ချက်မှာ ပေါက်ကွဲသံအကြီးကြီး ကြားပြီး မီးတွေပါ ထလောင်တာ” လို့ ဖားကန့်ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ပေါက်ကွဲမှုဟာ လုံးခင်းကျေးရွာအုပ်စု ခွန်ဆာကုန်းကျေးရွာက ဘုန်းကြီးကျောင်းနဲ့ ရဲစခန်းကြား ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ညတွင်းချင်း သေဆုံးမီးကျွမ်းရုပ်အလောင်း ၈ လုံး တွေ့ရှိရကာ ဒီကနေ့မနက်မှာ နောက်ထပ် ၁ ဦး ထပ်တွေ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၉ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူအများအပြား ရှိတယ်လို့ သိရပါတယ်။

 

စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်ဘဲ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောက်တူးဖော်ရေးလုပ်ငန်းတွေမှာ အသုံးပြုတဲ့ အမိုနီယမ်နိုက်ထရိတ် ထားရာနေရာကို ကျရောက်ခဲ့ကာ ပေါက်ကွဲမှုပြင်းအားကြောင့် ပေ ၂၀ ဝန်းကျင်ရှိ ကျင်းချိုင့် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

 

“စကစက သတင်းတိကျတယ်။ ပစ်မှတ်တိကျတယ်။ ကျရောက်ပေါက်ကွဲတဲ့နေရာကရ ယမ်းဂိုထောင်။ ယမ်းပေါ် မီးကျ ကွက်တိပဲ။ ဘယ်ဘဝက ဝဋ်ကြွေးတွေလည်းတော့ မသိတော့ပါဘူး” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

 

ဒဏ်ရာရရှိသူတွေ များပြားပြီး ညတွင်းချင်း ထွက်ပြေးရတာတွေရှိတာကြောင့် မှတ်တမ်းမယူနိုင်ခဲ့ဘဲ တချို့ကိုတော့ နီးစပ်ရာ ဆေးခန်းတွေကို ပို့ဆောင်ကုသပေးထားတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကလည်း စစ်ကောင်စီဟာ ဖားကန့်က မှော်စီစာကျေးရွာအတွင်းမှာ ငွေကြေးညှိနှိုင်းမှုအဆင်မပြေတဲ့ ကျောက်လုပ်ကွက်တွေရှိ လုပ်ငန်းသုံး စက်ယန္တရားတွေနဲ့ မြေသယ်ကားတွေကို မီးရှို့ဖျက်ဆီးနေတဲ့အပြင် ကျောက်မျက်ကုမ္ပဏီဝန်းရဲ့ ဖောက်ခွဲရေးယမ်းများ ထားရာအနီးကို တိုက်ခိုက်ခဲ့လို့ နှစ်ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်