စစ်ကောင်စီက လိုင်စင်မဲ့ဆိုင်ကယ်တွေ ဖမ်းဆီးနေတာကြောင့် ပြည်သူတွေ ဒုက္ခရောက်နေ

Author CJ Platform
Categories
Published on Jun 07, 2025

စစ်ကောင်စီက ဇွန်လအစပိုင်းကစပြီး တစ်နိုင်ငံလုံး လိုင်စင်မဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးနေတာကြောင့် ဆိုင်ကယ်အသိမ်းခံရတာတွေ၊ တရားစွဲခံရတာတွေပါ ရှိလာနေပြီး ပြည်သူတွေ သွားလာရေး ခက်ခဲကာ ဒုက္ခရောက်နေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

လိုင်စင်မဲ့ယာဉ်တွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖမ်းဆီးဖို့ စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းက ညွှန်ကြားခဲ့ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ရဲနဲ့ ပြည်သူ့စစ်တွေက လိုင်စင်မဲ့ ဆိုင်ကယ်စီးသူတွေနဲ့ ရောင်းချသူတွေကိုပါ လိုက်လံဖမ်းဆီးနေတာလို့ သိရပါတယ်။

“တော်တော်ကြမ်းကြမ်းကို ဖမ်းနေတာ။ စီးတဲ့သူတွေကိုရော၊ ရောင်းတဲ့ဆိုင်တွေကိုပါ ဖမ်းတာ။ ရပ်ကွက်ထဲတွေအထိ ဝင်ဖမ်းတယ်။ သင်္ဘောကျဉ်းဘက်ဆို တစ်ခါထဲ အချုပ်ထဲထည့်လိုက်တာ။ အာမခံနဲ့ ပြန်လွှတ်ပေးပေမဲ့ အမှုရင်ဆိုင်ရမယ်ဆို တရားရုံးလာရမယ်လို့ ပြောတယ်” လို့ ပုသိမ်မြို့ရှိ အသက် ၂၀ ကျော် လူငယ်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီက ဘားအံမြို့မှာလည်း ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး လိုင်စင်မဲ့ဆိုင်ကယ်တွေကို သိမ်းနေတယ်လို့လည်း ဘားအံဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

“ဘားအံမှာက လိုင်စင်မရှိတာတွေပဲ စီးကြတာများတယ်လေ။ ခုမှ ဗြောင်းသတ်အောင်ထ ဖမ်းတော့ အကုန်ပါကုန်တာ တစ်နိုင်ငံလုံးထက်ကို ပိုဆိုးတယ်” လို့ ဘားအံမြို့က အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၂၀ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင်က လိုင်စင်မဲ့ ဆိုင်ကယ်တွေ၊ ကားတွေကို ဖမ်းဆီးဖို့ ညွှန်ကြားလိုက်ပြီးနောက် အခုလို ဖမ်းဆီးနေတာဖြစ်ပြီး ကျေးရွာနေပြည်သူတွေအနေနဲ့ မြို့ပေါ်ကို သွားလာဖို့ မသွားလာရဲတော့ဘူးဖြစ်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

 

စစ်ကောင်စီက ဘုန်းကြီးတွေနဲ့ ဌာနဆိုင်ရာတွေကိုလည်း လိုင်စင်မဲ့ ဆိုင်ကယ်၊ ကား စီးခြင်းမပြုဖို့ ညွှန်ကြားစာတွေ ပို့ဆောင်ထားတာကြောင့် ဝန်ထမ်းတွေအနေနဲ့လည်း အလုပ်သွားရာမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

 

စစ်ကောင်စီထောက်ခံသူတွေကြားမှာလည်း လိုင်စင်မဲ့ဆိုင်ကယ်တွေ ဖမ်းဆီးတာကြောင့် ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပြီး နယ်စပ်ကနေ စစ်ကောင်စီတပ်ဖွဲ့တွေက ငွေကြေးယူကာ သွင်းနေကြပြီး ပြည်သူလက်ထဲအရောက် ဖမ်းဆီးနေတာဟာ သက်သက် ဒုက္ခပေးတာသာဖြစ်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

 

စစ်ကိုင်းမြို့ခံတစ်ဦးကလည်း “ဆိုင်ကယ် နှစ်ယောက်စီးလို့ ဆိုပြီးတော့လည်း ဖမ်းတယ်။ လူပါ ဖမ်းခေါ်သွားတာ။ သူတို့တော့ နှစ်ယောက်စီးကြတယ်။ ဆိုင်ကယ်ကောင်းရင် တွေ့ရာနေရာမှာ ဖမ်းတာပဲ။ လက်ရှိတော့ ဆိုင်ကယ်သိမ်းတာမျိုး မရှိသေးဘူး” လို့ CJ Platform ကို ပြောပါတယ်။

 

အခုလို လိုင်စင်မဲ့ဆိုင်ကယ်တွေကို သိမ်းဆည်းနေတာကြောင့် ဝင်ငွေနည်းပါးတဲ့ ပြည်သူတွေအနေနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေမှာပါ အခက်အခဲတွေကို ရင်ဆိုင်လာနေကြရပြီး စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်တွေကို သူတို့ကိုယ်တိုင် သွင်းပေးပြီးမှ ယခုလို ဖမ်းဆီးနေတာဟာ ပြည်သူကို ပစ်မှတ်ထားပြီး လုပ်ဆောင်နေတဲ့ အကြမ်းဖက်မှုတစ်ခုဖြစ်တယ်လို့လည်း ဝေဖန်သုံးသပ်နေကြပါတယ်။

 

ဓာတ်ပုံ – pro-SAC