အာရက္ခတပ်တော် AA နဲ့ဆက်သွယ်နေဦးမှာဖြစ်လို့ စစ်ကောင်စီရဲ့ ကန့်ကွက်စာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပယ်ချ

Author CJ Platform
Categories
Published on May 07, 2025

ဘင်္ဂလားဒေ့ရှ်က အာရက္ခတပ်တော် (AA) နဲ့ ဆက်သွယ်နေပြောဆိုမှုတွေရှိနေပြီး ထိုသို့ ပြောဆို ဆက်ဆံမှုတွေ ရှိနေတာကို  စစ်ကောင်စီက ကန့်ကွက်စာ ပေးပို့ခဲ့ပေမယ့် စစ်ကောင်စီရဲ့ ကန့်ကွက်မှုကို ပယ်ချလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့  အမျိုးသားလုံခြုံရေး အကြံပေးက ယမန်နေ့ မေလ ၆ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

 

ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအနေနဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့နဲ့ မြှင့်တင်ဖို့အတွက် ချိတ်ဆက်ဖို့ လိုအပ်တယ်လို့ ယူဆရတဲ့ မည်သည့်အဖွဲ့နဲ့မဆို ချိတ်ဆက်ဆောင်ရွက်မှာဖြစ်တယ်လို့ ယမန်နေ့တုန်းက  နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ခလီလူရ်ရာမန် (Khalilur Rahman) ဟာ နယ်စပ်တင်းမာမှုတွေ မြင့်တက်လာနေတဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် ခိုင်မာတဲ့ ရပ်တည်ချက်ကိုပြသတဲ့ အနေနဲ့ အခုလိုမျိုး ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

 

“ ဘယ်သူပြောပြော အရေးမကြီးပါဘူး။ ကျွန်တော်တို့ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံပါ။ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားအတွက် ကျွန်တော်တို့လိုချင်တဲ့သူနဲ့ တွေ့ဆုံမှာပါ “ လို့ အမျိုးသားလုံခြုံရေးအကြံပေး ခလီလူရ်ရာမန် က ဆက်လက်ပြီး ပြောဆိုပါတယ်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံခြားရေးမူဝါဒကို ချမှတ်ပြီး အကောင်အထည်ဖော်နေတာကို အားလုံးမြင်တွေ့ နိုင်ပါတယ်လို့လည်း သူကဆက်ပြောပါတယ်။

 

AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားပေမဲ့ စစ်ကောင်စီအနေနဲ့ AA နဲ့ ထိတွေ့ ဆက်ဆံမှုတွေ ပြလုပ်နေတာ၊ အပစ်ခတ်ရပ်စဲဖို့တွေပါ လုပ်ဆောင်နေတယ် မဟုတ်ဘူးလားလို့လည်း  ခလီလူရ်ရာမှန် က မေးခွန်းပြန် ထုတ်ခဲ့ပါတယ်။

 

အာရက္ခတပ်တော်အနေနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျောက်ကို ထိန်းချုပ်ထားတာကြောင့် နယ်စပ်ဒေသ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့၊ ကာကွယ်ဖို့၊ ငြိမ်းချမ်းဖို့ အတွက် နယ်စပ်ရဲ့ တခြားတစ်ဘက်မှာ ဘယ်သူပဲရှိရှိ ဘင်္ဂလားဒေ့ရှ်က ဆက်သွယ်ထားမှာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်ရဲ့ အကြီးတန်း အကြံပေးလည်းဖြစ်သူ ခလီလူရ်ရာမန်က ပြောပါတယ်။

 

အာရက္ခတပ်တော်နဲ့ ဆွေးနွေးနေတာဟာ မြန်မာနိုင်ငံရဲ့ နယ်မြေအချုပ်အခြာအာဏာတည်တံ့မှုနဲ့ ပတ်သတ်ပြီး စစ်ကောင်စီကို ဆန့်ကျင့်တဲ့သဘောလားလို့ ဆိုတဲ့မေးခွန်းပတ်သတ်ပြီးတော့ ခလီလူရ်က “လုံးဝမဟုတ်ပါဘူး။ သူတို့ (အာရက္ခတပ်တော်) က နယ်စပ်အခြားဘက်မှာ ရှိနေတယ်၊ ကျွန်တော်တို့ သူတို့နဲ့ ဆက်ဆံရမှာပါ။ ဒါဟာ လက်တွေ့အခြေအနေပါပဲ” ဟု ပြောကြားပါတယ်။

 

ဒါ့အပြင် ငလျင်ဒဏ်သင့်ဒေသတွေအတွက် အကူအညီတွေပေးဖို့ခဲ့တာကို အားလုံးသိရှိပြီးဖြစ်တဲ့အပြင် ဒါတွေဟာ စစ်ကောင်စီရဲ့ တောင်းဆိုတာကို စောင့်မနေပဲ ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ပြောဆိုခဲ့ပြီး စစ်ကောင်စီနဲ့လည်း ဆက်သွယ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

 

ပြသနာတစ်ခုဖြေရှင်းဖို့အတွက် ဘက်နှစ်ဖက်နဲ့ ဆက်သွယ်ထားဖို့ လိုအပ်မှာဖြစ်ပြီး နှစ်ဘက်ဆက်သွယ်မှု မရှိခဲ့ရင် ဖြေရှင်းလို့ရမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

 

ရခိုင်ပြည်နယ်က စစ်ရှောင်တွေအတွက် ဘင်္ဂလားဒေ့ရှ်ကတဆင့် လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်ဖို့အတွက် ကုလသမဂ္ဂအနေနဲ့ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ကို ဆွေးနွေးတာတွေရှိနေပြီး ဘက်ပေါင်းစုံက သဘောတူမှု ရှိမရှိ ကြည့်ရမှာဖြစ်တဲ့အပြင် အခြားထည့်သွင်းစဉ်းစားစရာတွေလည်း ရှိပါသေးတယ်လို့  ခလီလူရ်ရာမှန်က ဖြည့်စွက်ပြောပါတယ်။

 

ကိုးကား – BD News 24

 

ဓာတ်ပုံ- BD News 24

 

Related News

Depend on news