ပုလောမြို့ပေါ်က အရက်ဆိုင်မှာ သောက်စားနေတဲ့ ပျူစောထီးခေါင်းဆောင်နှစ်ဦးနဲ့ အဖွဲ့၀င်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့ပေါ်က အရက်ဆိုင်မှာ သောက်စားနေတဲ့ လက်နက်ကိုင် ပျူစောထီးခေါင်းဆောင် နှစ်ဦးနဲ့ အဖွဲ့၀င်တစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက ယမန်နေ့ မေလ ၆ ရက်နေ့ ညနေ ၅ နာရီ ခွဲ ဝန်းကျင်မှာ ပစ်ခတ် တိုက်ခိုက်ခဲ့လို့ သုံးဦးလုံး သေဆုံးသွားတယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း တာဝန်ရှိသူ တစ်ဦးက CJ Platform ကိုပြောပါတယ်။
ပုလောမြို့ အမှတ် ၂ ရပ်ကွက်က ဆန်းဝင်း အရက်ဆိုင်မှာ သောက်စား မူးရူးနေတဲ့ ပျူစောထီး ခေါင်းဆောင် ကိုကုလားနီ ၊ ပျူစောထီး ခေါင်းဆောင် ကိုကျော်သူရ နဲ့ ပျူစောထီး ကိုသန်းနိုင် တို့ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ် လို့သိရပါတယ်။
” (ပစ်ခတ်ခံရသူတွေဟာ) စစ်မှုထမ်းအတွက် လူငယ်တွေကိုအတင်းအဓမ္မဖမ်းဆီးတာကို ပုလောမြို့ပေါ် ရပ်ကွက်တွေမှာ လုပ်ဆောင်ခဲ့တာ အများအားဖြင့် တွေ့ရတယ်။ ညဘက် လမ်းသွား လမ်းလာ လူငယ်တွေကို ဖမ်းဆီးတာနဲ့ စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးပြီး အဓမ္မလူသစ်စုတာတွေမျိုး လုပ်ပါတယ်” လို့ မြိတ်ခရိုင် PDF အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော်အာနိုးက ပြောပါတယ်။
အဆိုပါ ပျုူစောထီးတွေဟာ ပြည်သူတွေကိုဖမ်းဆီးခြင်း ၊ ခြိမ်းခြောက်ငွေညှစ်ခြင်း ၊ ဂိတ်ကြေးကောက်ခြင်း အပြင် လူငယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းစုဆောင်းခြင်းတွေကိုပါ လုပ်ဆောင်ခဲ့သူတွေဖြစ်တယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။
ဒါ့အပြင် ပုလောမြို့နယ်ကတိုက်ပွဲတွေအတွင်း ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေမှာ ပါ၀င်ခဲ့သူတွေဖြစ်ပြီး ၂၀၂၂ ခုနှစ် အတွင်းကလည်း တိုကျေးရွာ၊ သင်္ကန်းတောကျေးရွာ၊ တန်းရှင်းကျေးရွာ၊ ကဒဲကျေးရွာတွေကို ရွာလုံးကျွတ် မီးရှို့ခံရမှုမှာ အဓိက ပါဝင်သူတွေ ဖြစ်တယ်လို့ လည်းဆိုပါတယ်။
အထက်ပါ ပစ်ခတ်ရှင်းလင်းခြင်းကို မြိတ်ခရိုင် PDF အမှတ် ၁ တပ်ရင်းက တပ်ဖွဲ့ဝင်တွေနဲ့ မြိတ်ခရိုင် ပကဖ တပ်ဖွဲ့ဝင်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ပျူစောထီးသုံးဦးကို ပစ်ခတ်ရှင်းလင်းချိန်မှာ သေနတ်တစ်လက်နဲ့ ကျည်ဆန်အချို့ သိမ်းဆည်းရရှိတယ်လို့လည်း မြိတ်ခရိုင် PDF အမှတ် ၁ တပ်ရင်းက ပြောပါတယ်။
ဓာတ်ပုံ – မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း