တရုတ်ကပေးပို့တဲ့ အသင့်တပ်ဆင်အသုံးပြုနိုင်တဲ့ ရုံးခန်းနဲ့ ရုံးသုံးပစ္စည်းတွေ နေပြည်တော်ရောက်ပြီးနောက် ဝန်ကြီးဌာနတွေအတွက် ခွဲတမ်းချ

အင်အားပြင်းမြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ စစ်ကောင်စီရဲ့ ရုံးခန်းတွေကို အစားထိုး အသုံးပြုနိုင်ဖို့ တရုတ်နိုင်ငံက အသင့်တပ်ဆင်အသုံးပြုနိုင်တဲ့ ရုံးခန်းနဲ့ ရုံးသုံးပစ္စည်းတွေ ရာနဲ့ချီပေးပို့ခဲ့ပြီး ယမန်နေ့ မေလ ၆ ရက်နေ့မှာတော့ နေပြည်တော်ကိုရောက်ရှိလာပြီလို့ စစ်ကောင်စီဘက်က ဒီကနေ့ မေလ ၇ ရက်နေ့မှာ တရားဝင် သတင်းထုတ်ပြန်ပါတယ်။
တရုတ်အစိုးရက စစ်ကောင်စီအတွက် အသင့်တပ်ဆင်အသုံးပြုနိုင်တဲ့ရုံးခန်း (Modular prefabricated− office) ၃၄၀ ကို ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး ယမန်နေ့က နေပြည်တော်ကို ပထမအသုတ်အဖြစ် ၁၀၈ လုံး ရောက်ရှိလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ကယ်ဆယ်ရေးခေါင်းစဉ်အောက်ကနေ ပေးပို့ခဲ့တဲ့ ရုံးခန်းတွေကို တရုတ်အစိုးရက ရန်ကုန်သီလဝါ ဆိပ်ကမ်းကို ပေးပို့ပေးခဲ့ပြီး သီလဝါဆိပ်ကမ်းကတဆင့် မီးရထားတွဲ ၅၄ တွဲနဲ့ နေပြည်တော် ရွာတော်ဘူတာကို သယ်ဆောင်ခဲ့ပြီးနောက် စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးနဲ့ အဖွဲ့က သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။
ရောက်ရှိလာတဲ့ အသင့်သုံးရုံးခန်းတွေကို စစ်ကောင်စီရဲ့ ဝန်ကြီးဌာနရုံးခန်းတွေအဖြစ် အသုံးပြုနိုင်ဖို့ ကုန်တင်ကား ၁၆ စီးနဲ့တင်ဆောင်ကာ ခွဲတမ်းချထားတဲ့အတိုင်း ပေးသွားမှာဖြစ်ပြီး လက်ရှိမှာတော့ ကွန်တိန်နာသေတ္တာတွေကို ဥပ္ပါတသန္တိစေတီတော် ရှေ့ရှိ တပေါင်းကွင်းမှာ နေရာချထားတယ်လို့ သိရပါတယ်။
ရောက်ရှိလာတဲ့ အသင့်သုံး ယာယီရုံးတွေကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးကို ၂၅ လုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးကို ၅ လုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို အလုံး ၃၀ နဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကို ၄၄ လုံး ဖြန့်ဝေနေရာချထား ပေးခဲ့တယ်လို့ သိရပြီး ကျန်ရှိတဲ့ ၄ လုံး အသုံးပြုမယ့်နေရာကိုတော့ မသိရှိရသေးပါဘူး။
တရုတ်အစိုးရက ထောက်ပံ့ပေးတဲ့ အသင့်သုံး ယာယီရုံးခန်းအရေအတွက်ဟာ အလုံးရေ ၃၄၀ ဖြစ်ပြီး နေပြည်တော်ကို ပထမအသုတ်အဖြစ် ၁၀၈ လုံးရောက်ရှိလာတဲ့အထဲက ၁၀၄ လုံးကို စစ်ကောင်စီ အာဏာတည်မြဲရေးနဲ့ စစ်ကောင်စီ အလိုကျလုပ်ဆောင်ပေးနေတဲ့ ဝန်ကြီးဌာနတွေကို ခွဲဝေပေးထားတာကို စစ်ကောင်စီရဲ့ စာရင်းဇယားတွေအရ သိရပြီး ကျန်ရှိနေသေးတဲ့ ၂၃၆ လုံးကို ဘယ်ဌာနတွေကို ခွဲဝေအသုံးပြုခွင့် ပေးမလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး။
နေပြည်တော်ကိုရောက်ရှိလာတဲ့ အသင့်သုံးယာယီရုံးခန်းတွေကို သွားရောက်ကြည့်ရှုခဲ့သူ စစ်ကောင်စီ လူ/ကယ်/ပြန်ဝန်ကြီး ဒေါက်တာ စိုးဝင်းဟာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ ဖြစ်သလို အင်အားပြင်းငလျင် လှုပ်ခတ်အပြီး တစ်လအကြာကာလအတွင်းမှာ ပြည်သူလူထုနဲ့ သုံးကြိမ်သာတွေ့ဆုံခဲ့ပြီး စစ်ဘက်/ဌာနဆိုင်ရာတွေတွေ့ဆုံမှု ၁၃ ကြိမ် နိုင်ငံတကာနဲ့တွေဆုံမှု ၄ ကြိမ် ရှိခဲ့ ပါတယ်။
ဒါ့အပြင် အသင့်သုံးယာယီရုံးခန်း ၄၄ လုံး အများဆုံးရရှိခဲ့တဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနဟာ ငလျင်အပြီး တစ်လတာအတွင်းမှာ ပြည်သူလူထုနဲ့တွေဆုံခဲ့မှု တစ်ကြိမ်သာရှိခဲ့ပြီး စစ်ဘက်/ဌာနဆိုင်ရာတွေတွေ့ဆုံမှုကတော့ ၁၄ ကြိမ် ရှိခဲ့ပါတယ်။
အသင့်သုံးယာယီရုံးခန်း အလုံး ၃၀ နဲ့ ဒုတိယအများဆုံးရရှိခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ တစ်လတာအတွင်း ပြည်သူနဲ့ တွေ့ဆုံခဲ့မှု လုံးဝမရှိခဲ့သလို နိုင်ငံတကာနဲ့တွေ့ဆုံမှု ၂၈ ကြိမ်ရှိခဲ့ပြီး နိုင်ငံတကာနဲ့ စစ်ကောင်စီရဲ့ ဆက်ဆံရေးအကို အဓိက ကိုင်တွယ်တဲ့ ဝန်ကြီးဌာနတစ်ခုဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက စိတ်ကြိုက်ပြန်လည်ဖွဲ့စည်းထားပြီး စစ်ကောင်စီရဲ့ ခြောက်လတစ်ကြိမ် သက်တမ်းတိုးမှုတွေကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီတယ်လို့ဆုံးဖြတ် ပေးခဲ့တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးက အသင့်သုံး ရုံးခန်း ၂၅ လုံးနဲ့ တတိယ အများဆုံးရခဲ့တာကို တွေ့မြင်ရပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ယခင်အစိုးရအဖွဲ့ဝင်တွေကို အမှုဆင်တရားစွဲဆိုကာ ကြားနာခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက အသင့်သုံး ရုံးခန်း ၅ လုံးရရှိခဲ့တာကိုလည်း တွေ့ရှိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းမြေငလျင်ကြီးဟာ ပြည်သူများနေထိုင်ရာဒေသတွေကို ကြီးကြီးမားမား သက်ရောက်မှုရှိခဲ့ရုံသာမက စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်မှာကိုလည်း လွှတ်တော်အဆောက်အအုံ အပါအဝင် ဝန်ကြီးဌာနရုံးတွေ ပြိုကျပျက်စီးခဲ့တဲ့အထိ ပြင်းပြင်း ထန်ထန် သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။
CJ Platform ရဲ့ လေ့လာတွေ့ရှိချက်တွေအရ စစ်ကောင်စီဟာ ဒုက္ခရောက်နေသူပြည်သူတွေကို အမှုမထားပဲ ငလျင်ကို အကြောင်းပြကာ နိုင်ငံတကာနဲ့ ကူးလူးဆက်သွယ်မှုကိုသာ အလေးထား လုပ်ဆောင်နေတာကိုတွေ့ စိစစ်တွေ့ရှိရသလို ရရှိလာတဲ့ ငလျင်အထောက်အပံ့ ပစ္စည်းတွေကိုလည်း အာဏာသိမ်း စစ်ကောင်စီ သက်ဆိုးရှည်ဖို့အတွက်သာ အဓိကထား အသုံးပြုနေတာကို တွေ့မြင်ရပါတယ်။