အိန္ဒိယရဲ့ ဆင်ဒေါစစ်ဆင်ရေးကြောင့် ပါကစ္စတန်ဘက်က ၈ ဦးသေဆုံးပြီး ၃၅ ဦး ဒဏ်ရာရ

အန္ဒိယ နိုင်ငံဟာ ဆင်းဒေါ စစ်ဆင်ရေး (Operation Sindoor) လို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေး တစ်ခုကို ဒီကနေ့ မေ ၇ ရက်နေ့ မနက်အစောပိုင်းမှာပဲ စတင်ခဲ့ပြီး ပါကစ္စတန်နိုင်ငံ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယား ဒေသထဲကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ၈ ဦးသေဆုံးပြီး ၃၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ပါကစ္စတန်ဘက်က ထုတ်ပြန်ပြောဆိုပါတယ်။
အဆိုပါ စစ်ဆင်ရေးဟာ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့တုန်းက အိန္ဒိယ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အိန္ဒိယ ၂၆ ဦးနဲ့ နီပေါ ခရီးသွား၂ ဦးတို့ သေဆုံးစေခဲ့တဲ့ ပါကစ္စတန်တို့ရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့မှု အတွက် အကြမ်းဖက်သမားတွေကို လက်တုံ့ပြန်တာ ဖြစ်တယ်လို့ အိန္ဒိယဘက်က ပြောပါတယ်။
ဆင်ဒေါ (Sindoor) ဟာ အိန္ဒိယရိုးရာအရ လက်ထပ်ပြီးသား အမျိုးသမီးတွေ ခေါင်းမှာသုတ်လိမ်းရတဲ့ အနီရောင် အမှုန့်ရဲ့ နာမည်ဖြစ်ပါတယ်။ ဧပြီ ၂၂ ရက်နေ့ တိုက်ခိုက်မှုမှာ ဓားစာခံဖြစ်ရတဲ့ လက်ထပ်ပြီးကာစလူတွေ၊ ဘာသာရေးကိုးကွယ်မှုကြောင့် အကြမ်းဖက်သမားတွေနဲ့ ရွေးချယ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းခံရသူတွေကို ရည်ရွယ်ပြီး ဆင်ဒေါ စစ်ဆင်ရေးလို့ အမည်ပေးထားတာဖြစ်ကြောင်း India Today သတင်းဌာန ဖော်ပြထားချက်အရ သိရပါတယ်။
ပါကစ္စတန်က အကြမ်းဖက်သမားတွေရှိတဲ့ နေရာကိုးခုကို ဒုံးကျည်တွေနဲ့ ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အိန္ဒိယစစ်တပ်က ပြောဆိုသလို ပါကစ္စတန်ဘက်ကတော့ သူတို့ရဲ့ နေရာ ၆ နေရာဟာ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပြီး မတူညီတဲ့ လက်နက်တွေနဲ့ ၂၄ ကြိမ် တိုက်ခိုက်ခံခဲ့ရတယ်လို့ ပြောဆိုပါတယ်။
တိုက်ခိုက်မှုပြီးတဲ့နောက်မှာ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးကတော့ အက်စ် ဂျိုင်ရှန်ကာက “ကမ္ဘာကြီးက အကြမ်းဖက်ဝါဒကို လုံးဝ သည်းမခံသင့်ပါဘူး” လို့ လူမှုကွန်ရက် X မှာ ရေးသားခဲ့သလို ကာကွယ်ရေး ဝန်ကြီး ရန်ဂျစ်ဆင်းကလည်း “အိန္ဒိယရဲ့ အောင်ပွဲ” လို့ လူမှုကွန်ရက် X မှာပဲ ဟင်ဒီဘာသာနဲ့ ရေးသားခဲ့ပါတယ်။
ပါကစ္စတန်ဘက်ကတော့ အိန္ဒိယရဲ့ တိုက်လေယာဉ်ငါးစင်းကို ပစ်ချနိုင်ခဲ့ပြီး စစ်သားတချို့ကို ဖမ်းဆီးရမိထားတယ်လို့ သတင်းထုတ်ပြန်ထားပေမယ့် အသေးစိတ်အချက်အလက်တွေ ထပ်မံသိရခြင်း မရှိသေးပါဘူး။
မကြာခင်မှာပဲ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အိန္ဒိယ အစိုးရက သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမယ်လို့လည်း သိရှိရပါတယ်။
ကိုးကား- CNN, Reuters,
Al Jazeeraဓာတ်ပုံ – AFP