ရုရှားနိုင်ငံ ရင်ပြင်နီအခမ်းအနားတက်ရောက်မယ့် စစ်ခေါင်းဆောင်က ဇနီးသည်နဲ့အတူ မြန်မာကနေထွက်ခွာ

Author CJ Platform
Categories
Published on May 07, 2025

ရုရှားနိုင်ငံ မော်စကိုမြို့မှာ လာမယ့် မေ ၉ ရက်မှာ ကျင်းပမယ့် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို တက်ရောက်မယ့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဒီကနေ့ မေ ၇ ရက်နေ့ မနက် ၇ နာရီမှာ နေပြည်တော်လေဆိပ်ကနေ ဇနီးသည်နဲ့အတူ ရုရှားနိုင်ငံကို ထွက်ခွာသွား ပြီဖြစ်တယ်လို့ စစ်ကောင်စီရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ဇနီးဒေါ်ကြူကြူလှတို့ဟာ ရင်ပြင်နီစစ်ရေးပြအခမ်းအနားနဲ့ ဆက်စပ်အခမ်းအနား တွေကို တက်ရောက်သွားမှာဖြစ်တယ်လို့ သိရပြီး ပွဲတက်လာတဲ့ အခြားနိုင်ငံက ခေါင်းဆောင်တချို့နဲ့လည်း သီးခြားတွေ့ဆုံဖို့ ရှိတယ်လို့ ဆိုပါတယ်။

 

စစ်ခေါင်းဆောင်ရဲ့ နိုင်ငံတော်အဆင့် ခရီးစဉ်တွေမှာ ပထမဆုံးအကြိမ်အဖြစ် ပွဲတက်ခွင့်ရခဲ့တဲ့ ဒေါ်ကြူကြူလှဟာ ရုရှားနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ မစ္စ ဗယ်လင်တီနာ မတ်ဗီယန်ကို နဲ့ တွေ့ဆုံ ဆွေးနွေးသွားမယ်လိုလည်း စစ်ကောင်စီက ယမန်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

 

စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်ကို စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေ နဲ့ ခွန်စံလွင် ၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ ညှိနှိင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း နဲ့ ဒုတိယဝန်ကြီးတွေအပြင် အဆင့်မြင့် အရာရှိကြီးတွေ လိုက်ပါသွားတယ်လို့ သိရပါတယ်။