အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲလို့ ၃ လအရွယ်ကလေးငယ် အပါအဝင် နှစ်ဦးသေဆုံး

Author CJ Platform
Categories
Published on Apr 07, 2025

ကရင်ပြည် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာနယ်မြေ မူတြော်ခရိုင်၊ဒွယ်လိုး မြို့နယ်၊ လေးဖိုးထာကျေးရွာအုပ်စု၊ နဲကကျေးရွာကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သုံးလအရွယ် ကလေးငယ်အပါအဝင် ကလေး နှစ်ဦးသေဆုံးခဲ့တယ်လို့ KNU ဗဟိုရဲ့ ဒီကနေ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

နဲကကျေးရွာကို ညနေ ၄ နာရီခွဲခန့်မှာ လေကြောင်းကနေ ဗုံး သုံးလုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသခံ ကလေးငယ် နှစ်ဦးသေဆုံးခဲ့တဲ့အပြင် သုံးဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ် သုံးလုံးလည်း ထိခိုက် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

 

ငလျင်ဘေးသင့်လို့ ဒုက္ခရောက်နေချိန် ဒေသခံပြည်သူတွေရှိရာကို လက်နက်ကြီးများ၊ လေကြောင်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက် နေတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ကြောင့်ကြစွာနဲ့ နေထိုင်နေရတယ်လို့ KNU ဗဟိုကဆိုပါတယ်။

 

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အသက် ၃ လအရွယ် စောခင်မောင်လွင်နဲ့ လေးတန်းကျောင်းသူ နော်ဝါစိုဖော အသက် (၁၂) နှစ် တို့ ရင်ဘက်ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့ရတဲ့အပြင် သုံးတန်းကျောင်းသူ နော်သောရီဖော အသက် (၁၀) နှစ်နဲ့ နော်မူဆိ အသက်(၅၀) နှစ်တို့ နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ အပစ်ရပ်တယ်လို့ ထုတ်ပြန်ထားပေမဲ့ လက်ရှိအချိန်ထိ စစ်ကြောင်းထိုးခြင်း စုဖွဲ့ပြင်ဆင်နေခြင်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခြင်း ပါရာမော်တာနဲ့ ပစ်ခတ်ခြင်း ဒရုန်းအသုံးပြုတိုက်ခိုက်ခြင်းတွေအပြင် လက်နက်ကြီးတွေနဲ့ပစ်ခတ် တိုက်ခိုက်တာတွေ ပြုလုပ်နေဆဲပဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – KNU