သရက်မြို့မှာ သားဖြစ်သူ စစ်မှုထမ်းပါသွားတာကြောင့် ဖခင်ဖြစ်သူ ကိုယ့်ကိုယ်ကို စီရင်

Author CJ Platform
Categories
Published on Mar 07, 2025

မကွေးတိုင်း သရက်မြို့နယ် ဝက်ကုန်းရပ်ကွက်မှာ သားဖြစ်သူ စစ်မှုထမ်းပါသွားလို့ ဖခင်ဖြစ်သူ စိတ်ဓာတ်ကျကာ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က ကိုယ့်ကိုယ်ကို စီရင်သွားတယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

 

စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် စစ်မှုထမ်းဖို့ သားဖြစ်သူကိုခေါ်ဆောင်သွားတာကြောင့် ခိုကိုးရာမဲ့ဖြစ်ကာ နေအိမ်မှာပဲ ကြိုးတစ်ချောင်းနဲ့ မိမိကိုယ်ကို စီရင်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

 

“ သူ့သားနဲ့ နှစ်ယောက်ထဲနေတာ။ သားဖြစ်သူက ရှာကျွေးနေတာ။ သားဖြစ်သူပါသွားတော့ ခိုကိုးရာမဲ့ဖြစ်ပြီးဖြစ်သွားတာဖြစ်မယ်” လို့ အဲဒီအကြောင်းသိရှိသူ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

သေဆုံးသူမှာ အသက် ၅၁ နှစ်အရွယ်ရှိပြီး မိသားစုဝင်တွေ မရှိတော့ပဲ တူမတွေတော့ရှိတယ်လို့ သိရပြီး အခြားဆွေမျိုးတွေကတော့ ထိုင်းနိုင်ငံမှာ သွာရောက် အလုပ်လုပ်ကိုင်နေကြသူတွေ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

 

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က စတင် အသက်သွင်း အကောင်အထည်ဖော်လာခဲ့ပြီး ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာတော့ အဲဒီနှစ် မတ်လမှာ အုပ်ချုပ်ရေးမှူးတွေက မဲနှိုက်တာတွေ၊ စာရင်းကောက်တာတွေ၊ ငွေကောက်ခံတာတွေ လုပ်ခဲ့ရာကနေ ကိုယ့်ကိုယ်ကို စီရင်သွားတဲ့ လူငယ်တွေ ၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။

 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြား တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်ခဲ့ကြသလို ပြည်ပနိုင်ငံထွက် အလုပ်လုပ်ကိုင်နေကြသူတွေလည်းရှိကြပြီး နည်းလမ်းအမျိုးမျိုးနဲ့ တိမ်းရှောင် နေကြသူတွေလည်း ရှိပါတယ်။

 

ဓာတ်ပုံ – ပေးပို့

Related News

Depend on news