ကလေးမြို့မှာ အဓမ္မစစ်မှုထမ်းခိုင်းဖို့အတွက် ဖမ်းဆီးခံရတဲ့ လူငယ်တွေ ၁၈၀ ကျော်ထိရှိနေ
![](https://cjplatform.com/wp-content/uploads/2025/02/475827534_620644573806686_6354378182062347336_n.jpg)
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်မှုထမ်းဥပဒေ နဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေပြဌာန်းပြီးနောက် လူငယ်တွေ အများအပြား ဖမ်းဆီးခံနေရတယ်လို့ ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ဖေဖေါ်ဝါရီ ၆ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် ကလေးမြို့နယ်အတွင်း မတရားဖမ်းဆီးခံရတဲ့ လူငယ်ဦးရေဟာစစ်မှုထမ်းအပတ်စဥ် (၄) ခုအတွင်း ၁၈၅ ဦးထက်မနည်း ရှိလာပြီး မြို့ပေါ်နဲ့ကျေးရွာလမ်းမတွေပေါ်မှာ ဖမ်းဆီးတာနဲ့ ဘာသာရေး အဆောက်အအုံတွေထိ အကြောင်းမဲ့ ဝင်ရောက်ဖမ်းဆီးမှုတွေပါ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီအရေအတွက်ဟာ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ကောက်ယူရရှိတဲ့ အချက်အလက်တွေဖြစ်ပြီး မြေပြင်မှာ ဒီ့ထက်ပိုမိုများပြားနိုင်တယ်လို့လည်း သိရပါတယ်။
ကလေးမြို့ဒေသခံ လူငယ်တွေအနေနဲ့ ညအချိန်အပြင်ထွက်တာတွေ မလုပ်ဆောင်ဖို့၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာတွေကို ရှောင်ရှားသွားလာတာနဲ့ နေအိမ်ပြင်ပ ထွက်ခွာချိန်မှာ ဖုန်းအတွင်းက VPN App တွေကို ကြိုတင်ဖျက်ထားဖို့ကိုလည်း ကလေးမြို့ လူထုတိုက်ပွဲဦးဆောင် ကော်မတီက သတိပေးထားပါတယ်။