လူနှစ်ဦး သေဆုံးသည်အထိ တိုက်မိပြီးနောက် မောင်းပြေးသွားတဲ့ မော်တော်ယာဉ်ဟာ ၁၈ မိုင်တောရ ဆရာတော်ရဲ့ ကားဖြစ်နေ

Author လဂွန်းအိမ်
Categories
Published on Feb 07, 2025

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းမကြီးနဲ့ မဟာဗန္ဓုလလမ်းမကြီး လမ်းဆုံအနီး စုမြတ်စားသောက်ဆိုင်ရှေ့ တွင် မနေ့ ဖေဖော်ဝါရီ ၆ ရက် ညပိုင်းတွင် မော်တော်ယာဉ်တစ်စီးက ဆိုင်ကယ်မောင်းနှင်လာသူ တစ်ဦးနဲ့ လမ်းလျှောက်လာသူတွေ အပါအဝင် လူသုံးဦးကို ဝင်တိုက်ပြီးနောက် ထွက်ပြေးသွားတယ်လို့  ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေး အသင်းကနေ သိရပါတယ်။

 

ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း နှစ်ဦးသေဆုံးခဲ့ပြီး လူတိုက်ပြီး ထွက်ပြေးသွားတဲ့ မော်တော်ယာဉ်ရဲ့ နံပါတ်ပြား NPT 4S-**** ဟာ အခင်းဖြစ်စဉ်နေရာမှာ ကျန်ရစ်ခဲ့ပြီး မျက်မြင်တွေ့ရှိသူတွေရဲ့ အဆိုအရ BYD TANG အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။

“ လမ်းလျောက်လာသူ တစ်ယောက်သေတယ်၊ ဆိုင်ကယ်မောင်းလာသူလည်း သေဆုံးပါတယ်။ တစ်ယောက်ကတော့ နာရေးရှင်မပေါ်သေးပါဘူး” လို့ ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေး တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

လူသေဆုံးသည်အထိ တိုက်ပြီး ထွက်ပြေးသွားတဲ့ မော်တော်ယာဉ်ကို မော်တော်ယာဉ်ရောင်းဝယ်ရေးသမားတွေ၊ မော်တော်ယာဉ်လုပ်ငန်း လုပ်ကိုင်သူတွေက စုံစမ်းရာမှာ ၁၈ မိုင်တောရ ဆရာတော်ကို သာသနာအကျိုးဆောင်ရွက်ဖို့ လှူဒါန်းထားတဲ့ ကားဖြစ်နေတယ်လို့ စုံစမ်းသိရှိရပြီးနောက် ဆရာတော်ကို အမှုမှန်ပေါ်ပေါက်ရေး ကူညီပေးဖို့ ဝိုင်းဝန်း မေတ္တာရပ်ခံတဲ့ ရေးသားမှုတွေဟာလည်း လူမှုကွန်ရက်စာမျက်နှာတွေမှာ တွေ့ရှိပါတယ်။

၁၈ မိုင်တောရသာသနာပြုအဖွဲ့ကတော့ ယာဉ်တိုက်မှု ကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့မနက် (၇) နာရီခန့်က မြို့နယ်ရဲစခန်းကိုသွားရောက် အကြောင်းကြားထားပြီးဖြစ်ကြောင်း လူနာရှင်တွေနဲ့လည်း ရဲစခန်းမှာတွေ့ပြီးတဲ့အပြင် ဆေးရုံကိုသွားရောက်ပြီး လိုအပ်တာတွေကို စီစဉ်ထားပြီးဖြစ်ကြောင်းနဲ့ ကားနဲ့ ယာဉ်မောင်းကိုလည်း ရဲစခန်းကိုပို့ဆောင် အပ်နှံထားပြီး ကျန်ရှိတဲ့ ကိစ္စရပ်တွေကို ရဲစခန်းနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်နေတယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်ကနေ ဖြေရှင်းထားတာကိုတွေ့ရပါတယ်။

 

ဒါ့အပြင် အခင်းဖြစ်စဉ်အချိန်မှာ မော်တော်ယာဉ်ပေါ်မှာ မည်သည့် သံဃာတော်မှ မပါဝင်ဘဲ ယာဉ်မောင်းသူတစ်ဦးထဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

ဓာတ်ပုံ – ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေး အသင်း

 

ပုံစာ – ယာဉ်တိုက်မှုဖြစ်စဉ်ကိုတွေ့ရစဉ်