ကလေးငယ် ခြောက်သန်းဟာ အဆိုးဝါးဆုံး လူသားချင်းစာနာရေး အကျပ်အတည်း ရင်ဆိုင်နေရတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းပြော
![](https://cjplatform.com/wp-content/uploads/2025/02/7231-800x480.jpg)
မြန်မာနိုင်ငံက ကလေးငယ် ခြောက်သန်းဟာ အဆိုးဝါးဆုံး လူသားချင်းစာနာရေးဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ပုံမှန်အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဖေဖော်ဝါရီ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပတဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF အမှုဆောင်အဖွဲ့ရဲ့ ၂၀၂၅ ခုနှစ် ပထမအကြိမ် ပုံမှန်အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ကလေးငယ်တွေဟာ ကာကွယ်ဆေးတွေထိုးခွင့်ကိုလည်း ဆုံးရှုံးနေကြရတယ်လို့လည်း ဆိုပါတယ်။
နိုင်ငံ့လူဦးရေ ၃ ဒသမ ၅ သန်းလောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကာ အဲဒီအထဲ ၃၃ ရာခိုင်နှုန်းက ကလေးငယ်တွေဖြစ်ပြီး ကလေးငယ်တွေအတွက် ကာကွယ်ဆေးထိုးပေးခြင်းက စိုးရိမ်ရတဲ့ အကျပ်အတည်းတစ်ခု ဖြစ်လာတယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပုံမှန် ကာကွယ်ဆေးထိုးပေးနေတဲ့ အစီအစဉ်တွေဟာ သွားလာဖို့ ခက်ခဲတဲ့ နေရာဒေသတွေမှာ လုပ်ဆောင်နိုင်ခြင်း မရှိတော့လို့ ကလေးငယ်တွေအနေနဲ့ လိုအပ်တဲ့ ကာကွယ်ဆေးထိုးခွင့်ကို ဆုံးရှုံး နေကြရတာဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ပုံမှန်ကာကွယ်ဆေးမထိုးနှံရင် ကူးစက်လွယ်ရောဂါ ပြန့်ပွားနှုန်း မြင့်တက်လာနိုင်တဲ့အတွက် မြန်မာနိုင်ငံရဲ့ အနာဂတ်သာမက အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းကိုပါ ကျော်လွန်ရိုက်ခတ်လာနိုင်တယ်လို့လည်း ထောက်ပြပါတယ်။
ရခိုင်ပြည်၊ ဂွနဲ့ သံတွဲမြို့တို့မှာ ဆေးဝါးရှားပါးပြတ်လပ်နေတာကြောင့် အရေပြားရောဂါဖြစ်ပွားမှုနှုန်း ဇန်နဝါရီလထဲမှာ ပိုမိုမြင့်တက်လာပြီး အထူးသဖြင့် ကလေးငယ်နဲ့ စစ်ဘေးရှောင်တွေမှာ အဖြစ်များနေတယ်လို့ ဂွမြို့နယ်အတွင်း စစ်ဘေးရှောင်အရေးဆောင်ရွက်နေသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဇန်နဝါရီလကုန်ပိုင်းက CJ Platform ကိုပြောကြားထားပါတယ်။
ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ကနေ ဒီရောဂါခံစားနေရသူတွေကို ဆေးဝါးကူညီမှုတချို့ရှိပေမဲ့ လုံလောက်မှုမရှိဘူးလို့လည်း ပြောပါတယ်။
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ စစ်ကောင်စီရဲ့ လေကြောင်းကတိုက်ခိုက်မှုတွေကြောင့် တချို့ကလေးတွေဟာ ယာယီစခန်းတဲနဲ့ ဗုံးခိုကျင်းတွေထဲ ပညာသင်ကြားနေရပြီး ဒီအခြေအနေကို ကယ်တင်နိုင်မယ့် နည်းလမ်းဟာ စစ်အာဏာရှင်အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ စစ်ကောင်စီထံ လေယာဉ်ဆီ စီးဆင်းနေတာကို ဖြစ်တောက်ရေးပဲ ဖြစ်တယ်လို့ သံအမတ်ကြီးက ထပ်လောင်းပြောထားပါတယ်။
ဓာတ်ပုံ – Permanent Mission of Myanmar to the United Nations
ပုံစာ – ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုတွေ့ရစဉ်